လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ရန် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။
Ko John

မြန်မာတပ်မတော်က အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီမှုမရရှိဘဲ တရုတ်နိုင်ငံက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ မြန်မာတပ်မတော်က အရပ်သားအစိုးရထံမှ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်မူကြမ်းအပေါ် ဆွေးနွေးခဲ့ကြပါတယ်။ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ရန် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။



လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု တစ်စုံတရာလုပ်ဆောင်ရန် အချိန်ပိုမိုလိုအပ်ကြောင်း တရုတ်နဲ့ ရုရှားက ဆွေးနွေးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အရေးပေါ်အစည်းအဝေးမှာ တရုတ်နဲ့ ရုရှားရဲ့ ထောက်ခံမှုမရရှိတာကြောင့် မြန်မာတပ်မတော်က အာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အပါအဝင် အရေးယူဆောင်ရွက်မှု တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံက မြန်မာရဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်မှ အဓိက ရပ်တည်လေ့ရှိပါတယ်။ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ရာ ဗီတိုအာဏာသုံးခွင့်လည်းရှိပါတယ်။ လုံခြုံရေးကောင်စီ အစည်းအဝေး ဆွေးနွေးမှုများကို ဗီဒီယိုကွန်ဖရင့်ဖြင့် တံခါးပိတ်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ဗြိတိန်နိုင်ငံက အဆိုပြုတင်သွင်းခဲ့တဲ့ မူကြမ်းစာသားကို AFP သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့ရာမှာ တရားဥပဒေနဲ့မညီဘဲ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် မြန်မာတပ်မတော်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ထို့အတူ နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခြင်းထားမှု ရုပ်သိမ်းရန်နဲ့ အဖွဲ့အစည်းများအားလုံး ဒီမိုကရေစီစံနှုန်းများကို လိုက်နာကြရန် တောင်းဆိုထားပါတယ်။

(Photo: Reuters)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Schraner Burgener ကလည်း မြန်မာမှာ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်ဖြစ်ထွန်းစေရေး သေချာစေရန် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ဥရောပမှာရောက်နေတဲ့ Schraner Burgener က မြန်မာတပ်မတော် အာဏာသိမ်းမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းအချိန် အာဏာသိမ်းမှုစတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းခဲ့ပါတယ်။ ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးသပ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။

(Photo: Tatmadaw Information Team)

တပ်မတော်က အာဏာသိမ်းရခြင်းဟာ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်းနဲ့ လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့မှုဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လွှဲပေးသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။


Author


က္က