တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။
Ko John

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ်ကို ဖေဖေါ်ဝါရီ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

(Image: UN webpage screengrab)

လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားသူများ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အာဏာရှင်ဆန်ဆန် ထိန်းသိမ်းထားမှုအပေါ် အလေးအနက် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။



အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အကူးအပြောင်းကို ဆက်လက်ထောက်ခံမှု လိုအပ်ကြောင်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးထားခဲ့ကြပါတယ်။

(Photo: Reuters)

ဒီမိုကရေစီ အလေ့အထနဲ့ လုပ်ငန်းစဥ်တွေကို ထိန်းသိမ်းရန်၊ အကြမ်းဖက်ကိုရှောင်ကြဥ်ပြီး လူ့အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့်များနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုက်နာရန် လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလေးထား ပြောခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ဆွေးနွေးညှိနှိုင်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ကြရန် လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အရပ်ဘက်လူ့အဖွဲ့အစည်း၊ ဂျာနယ်လစ်များနဲ့ မီဒီယာဝန်ထမ်းတွေအပေါ် ကန့်သတ်ခြင်းများကို စိုးရိမ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ စည်းလုံးညီညွတ်မှုတို့အပေါ် ၎င်းတို့ရဲ့ ခိုင်မာတဲ့ကတိကဝတ်ကို လုံခြုံရေးကောင်စီက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

(Photo: မင်းနန္ဒ - မန္တလေး)

လုံခြုံရေးကောင်စီက လက်ရှိ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သေးကြောင်းလည်း သိရပါတယ်။ ထိုအတောအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မြန်မာတပ်မတော် အာဏာသိမ်းမှုကို တုံ့ပြန်ရန် ပိတ်ဆို့အရေးယူမှုအချို့ ပါဝင်နိုင်တဲ့ သမ္မတအမိန့်ညွှန်ကြားချက်ထုတ်ရန် စဥ်းစားနေကြောင်း လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ပါတီမှ လွှတ်တော်အမတ်အများစု တက်ရောက်ကြမယ့် လွှတ်တော်အစည်းအ‌ဝေးများ စတင်ကျင်းပရန် စီစဥ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

(Photo: Win Lwin/Duwun)

အာဏာသိမ်းမှုနဲ့အတူ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း တရားစွဲဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံကို တစ်နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေဆိုင်ရာ ပြဌာန်းချက်များ ဆောင်ရွက်ပြီးစီးချိန်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လွှဲပေးသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

(Photo: မင်းနန္ဒ - မန္တလေး)

သို့သော် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစပြီး ည ၈ နာရီအချိန်မှာ ကန့်ကွက်ဆန္ဒပြကြောင်း ပြည်သူလူထုက သံပုံးတီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ ဒါ့အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြား အစိုးရဌာနဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်မဝင်ဘဲ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိနေကြောင်း သိရပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်အချို့ပူးပေါင်းပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့က လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းနဲ့ ပါဝင်သူ သုံးဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။


Author


က္က