ဘိုင်ဒန်က မြန်မာတပ်မတော်ကို အာဏာစွန့်လွှတ်ရန် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ် တောင်းဆိုလိုက်ပါတယ်။
Ko John

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မြန်မာတပ်မတော်ကို အာဏာစွန့်လွှတ်ရန်နဲ့ ယခုသီတင်းပတ်အတွင်း အာဏာသိမ်းမှုမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရန် ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

(Photo: AP)

ဘိုင်ဒန်က မြန်မာတပ်မတော်ကို အာဏာစွန့်လွှတ်ရန် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ် တောင်းဆိုလိုက်တာဖြစ်ပြီး အာဏာသိမ်းခဲ့တဲ့နေ့ကတည်းကလည်း ထိုသို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့က တပ်မတော်အာဏာသိမ်းမှုကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချခဲ့ကြပါတယ်။



"ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ဆန္ဒ သို့မဟုတ် အများက ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ရလဒ်ကို ကျော်လွန်ပယ်ချဖို့ ဘယ်တော့မှ အင်အားသုံး မကြိုးစားသင့်ဘူး" လို့ ဘိုင်ဒန်က ၎င်းရဲ့ အမေရိကန်သမ္မတသက်တမ်းမှာ ပထမဆုံး အဓိက နိုင်ငံခြားရေးမူဝါဒအဖြစ် ပြောကြားခဲ့ပါတယ်။

(Photo: မင်းနန္ဒာ - မန္တလေး)

"မြန်မာတပ်မတော်ဟာ သူတို့ သိမ်းယူခဲ့တဲ့အာဏာကို ပြန်စွန့်လွှတ်သင့်တယ်၊ သူတို့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားတွေ၊ အစိုးရတာဝန်ရှိသူတွေကို ပြန်လွှတ်ပေးသင့်တယ်၊ ဆက်သွယ်ရေးကန့်သတ်ထားတွေ ရုပ်သိမ်းသင့်ပြီး အကြမ်းဖက်မှုကနေ ရှောင်ကြဥ်သင့်တယ်" လို့ အမေရိကန်သမ္မတဘိုင်ဒန်က ဆိုပါတယ်။

၎င်းရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က တပ်မတော်ကို ကြွယ်ဝချမ်းသာစေတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေကို ‌ပတ်ဆို့အရေးယူရန် စဥ်းစားနေကြောင်း ပြောခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သမ္မတဘိုင်ဒန်ရဲ့ တောင်းဆိုမှုထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AP)

မြန်မာရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဖေဖေါ်ဝါရီ ၄ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ခဲ့ရာ တပ်မတော်ကအာဏာသိမ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားသူများ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အာဏာရှင်ဆန်ဆန် ထိန်းသိမ်းထားမှုအပေါ် အလေးအနက် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ပါတီမှ လွှတ်တော်အမတ်အများစု တက်ရောက်ကြမယ့် လွှတ်တော်အစည်းအ‌ဝေးများ စတင်ကျင်းပရန် စီစဥ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

(Photo: Win Lwin)

အာဏာသိမ်းမှုနဲ့အတူ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း တရားစွဲဆိုခဲ့ပါတယ်။ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစပြီး ည ၈ နာရီအချိန်မှာ ကန့်ကွက်ဆန္ဒပြကြောင်း ပြည်သူလူထုက သံပုံးတီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။

ဒါ့အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြား အစိုးရဌာနဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်မဝင်ဘဲ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိနေကြောင်း သိရပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်အချို့ပူးပေါင်းပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့က လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းနဲ့ ပါဝင်သူ သုံးဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က