ကြားနာစစ်ဆေးရာမှာ ထွက်ဆိုမှုပြုရန် ဒီမိုကရက်တို့က တောင်းဆိုခဲ့ရာ ထရန့်ရဲ့ရှေ့နေတွေက ပယ်ချကြောင်း ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ၎င်းအားစွပ်စွဲပြစ်တင်ကြောင်း ကြားနာစစ်ဆေးရာမှာ ထွက်ဆိုမှုပြုရန် ဒီမိုကရက်တို့က တောင်းဆိုခဲ့ရာ ၎င်းရဲ့ရှေ့နေတွေက ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ပယ်ချလိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

အထက်လွှတ်တော် (Senate) မှာ ထရန့်ကို စွပ်စွဲပြစ်တင်ကြောင်း ကြားနာစစ်ဆေး ဆွေးနွေးမှုကို လာမယ့် သီတင်းပတ်အတွင်း ပြုလုပ်သွားရန် စီစဥ်ထားပါတယ်။ ထိုကြားနာစစ်ဆေးမှုသို့ သမ္မတဟောင်းထရန့်ကို ဒီမိုကရက်တစ်တို့က ဖိတ်ခေါ်မှုဟာ အများပြည်သူဆက်ဆံရေး လူများအာရုံစိုက်ရန် လုပ်ဆောင်ချက်တစ်ခုအဖြစ် ၎င်းရဲ့ရှေ့နေတွေက ပယ်ချလိုက်တာ ဖြစ်ပါတယ်။



ထရန့်ဟာ ၎င်းအားထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းဝင်ရောက်မှုမတိုင်မီ ၎င်းရဲ့ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့ရာ ဆူပူအုံကြွမှုကို လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရက်တို့က အောက်လွှတ်တော် (House of Representative) မှာ စွပ်စွဲခဲ့ကြပါတယ်။

(Photo: Reuters)

ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော်မှာ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် အစည်းအဝေးကျင်းပစဥ် ထရန့်လိုလားသူတွေက ဆူပူအုံကြွပြီး စီးနင်းနှောင့်ယှက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦးသေဆုံးခဲ့ပါတယ်။ လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထရန့်ကို စွပ်စွဲပြစ်တင်ပြီး စွဲချက်တင်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် အဆိုပါကိစ္စကို အထက်လွှတ်တော်မှာ ဆက်လက် ကြားနာစစ်ဆေးပြီး‌ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ "သမ္မတဟောင်းက အခြေခံဥပဒေနဲ့မညီတဲ့ တရားစွဲဆိုမှုတစ်ခုမှာ ကြားနာစစ်ဆေးမှုမှာ လာရောက်ထွက်ဆိုသွားမှာ မဟုတ်ပါဘူး" လို့ ထရန့်ရဲ့အကြံပေးပုဂ္ဂိုလ် Jason Miller က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

ထရန့်ရဲ့ရှေ့နေတွေဖြစ်တဲ့ Bruce Castor နဲ့ David Schoen တို့က ထရန့်ကို ဖိတ်ခေါ်မှုဟာ လူအများအာရုံစိုက်ရန် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် အိတ်ဖွင့်ပေးစာမှာ သုံးနှုန်းရေးသားထားပါတယ်။ ရှေ့နေတွေက စွပ်စွဲပြစ်တင်မှု စွဲချက်ကို ယခုသီတင်းပတ်အတွင်း ပယ်ချခဲ့ပြီး ၎င်းရဲ့ရွေးကောက်ပွဲရှုံးနိမ့်မှုဟာ မဲမသမာမှုရဲ့ ရလဒ်ဖြစ်ခဲ့ကြောင်း ထရန့်ပြောဆိုမှုကို အခိုင်အမာ ပြောခဲ့ကြပါတယ်။

ဒီမိုကရက်တစ် လွှတ်တော်အမတ် Jamie Raskin က ရီပတ်ဘလစ်ကင်ဖြစ်သူ ထရန့်နဲ့ ၎င်းရဲ့ရှေ့နေထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး သမ္မတဟောင်းအနေနဲ့ ကျမ်းကျိန်ထွက်ဆိုရန် ဖိတ်ခေါ်ခဲ့ပါတယ်။ ထရန့်ကို စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုကို ၎င်းရဲ့ရှေ့နေတွေနဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်အများစုက အခြေခံဥပဒေနဲ့ညီ မညီ စောဒကတက်မှုတွေရှိခဲ့ပါတယ်။

(Photo: AFP)

ထရန့်ဟာ သမ္မတရာထူးကနေ ထွက်သွားခဲ့ပြီးဖြစ်ရာ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် မဖြစ်နိုင်တာကြောင့် အထက်လွှတ်တော်အနေနဲ့ ကြားနာစစ်ဆေးရန် လုပ်ပိုင်ခွင့်မရှိဘူးလို့ ၎င်းတို့က ပြောပါတယ်။ အမတ်အရေအတွက် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ထရန့်ကိစ္စကို ကြားနာစစ်ဆေးပြီး မဲခွဲဆုံးဖြတ်ပါက သုံးပုံနှစ်ပုံက ထောက်ခံရန်လိုအပ်ပါတယ်။

အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်အမတ် ၅၀ နဲ့ ရီပတ်ဘလစ်ကင်အမတ် ၅၀ ပါဝင်ကြရာ ထရန့်ကို စွဲချင်တင်ထားမှုအား အတည်ပြုဆုံးဖြတ်နိုင်ရန် ရီပတ်ဘလစ်ကင်အမတ် ၁၇ ဦးက ထောက်ခံမဲပေးရန် လိုအပ်လိမ့်မယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။



က္က