ခွင့်ပြုချက်မရှိဘဲ လူထုစုဝေးမှုကို စီစဥ်ခြင်း သို့မဟုတ် ပါဝင်ခြင်းဟာ ပြစ်မှုတစ်ခုဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Photo: Win Lwin/Duwun)

ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်မရှိဘဲ လူထုစုဝေးမှုကို စီစဥ်ခြင်း သို့မဟုတ် ပါဝင်ခြင်းဟာ ပြစ်မှုတစ်ခုဖြစ်ကြောင်း စင်ကာပူရဲက သတိပေးခဲ့ပါတယ်။ "စင်ကာပူမှာ အလုပ်လုပ်နေသူ သို့မဟုတ် အခြေချနေထိုင်နေသူ မြန်မာတွေက လက်ရှိ မြန်မာမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ဆက်စပ်ပြီး စင်ကာပူမှာ ဆန္ဒပြဖို့ စီစဥ်နေတဲ့ အွန်လိုင်းပို့စ်တွေကို ရဲတပ်ဖွဲ့က သိရှိထားပါတယ်" လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ပြောပါတယ်။



အဆိုပါ အွန်လိုင်းပို့စ်တွေဟာ လူတွေကို ဆန္ဒပြမှုတွေမှာ ပါဝင်ကြဖို့ တိုက်တွန်းထားကြောင်းလည်း စင်ကာပူရဲတပ်ဖွဲ့က ဖြည့်စွက်ပြောခဲ့ပါတယ်။ စင်ကာပူမှာ ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်မရှိဘဲ လူထုစုဝေးမှုကို စီစဥ်ခြင်း သို့မဟုတ် ပါဝင်ခြင်းဟာ ဥပဒေနဲ့ဆန့်ကျင်ကြောင်းနဲ့ Public Order Act အရ ပြစ်မှုမြောက်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

(Photo: မင်းနန္ဒ - မန္တလေး)

"စင်ကာပူမှာ အလည်အပတ်လာရောက်သူ၊ အလုပ်လုပ်ကိုင်သူ သို့မဟုတ် နေထိုင်သူတွေဟာ ကျွန်ုပ်တို့ရဲ့ ဥပဒေအတိုင်း လိုက်နာနေထိုင်ကြရန်နဲ့ ၎င်းတို့ရဲ့ မိခင်နိုင်ငံများမှ နိုင်ငံရေးကိစ္စတွေကို စင်ကာပူသို့ ယူမလာသင့်ကြောင့်း" ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။ ဥပဒေချိုးဖောက်သူတွေဟာ အရေးယူခံရမှာဖြစ်ပြီး ၎င်းတို့ရဲ့ ဗီဇာ သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်များ ပယ်ဖျက်ခံရနိုင်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်း အာဏာသိမ်းမှုနဲ့အတူ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း တရားစွဲဆိုခဲ့ပါတယ်။

(Photo: ဆူးနစ် - NPT)

တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစပြီး ည ၈ နာရီအချိန်မှာ ကန့်ကွက်ဆန္ဒပြကြောင်း ပြည်သူလူထုက သံပုံးတီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ ဒါ့အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြား အစိုးရဌာနဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်မဝင်ဘဲ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိနေကြောင်း သိရပါတယ်။



က္က