သမ္မတဘိုင်ဒန်ရဲ့ အလေးအနက် စိုးရိမ်မှုကို နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က အာဆီယံသံအမတ်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုအပေါ် စိုးရိမ်ကြောင်း အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း - Association of Southeast Asian Nationas [ASEAN]) သံအမတ်တွေကို ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ဖေဖေါ်ဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: AFP/Kyodo/Jiji)

မြန်မာတပ်မတော်အာဏာသိမ်းမှုအပေါ် သမ္မတဂျိုးဘိုင်ဒန်ရဲ့ အလေးအနက် စိုးရိမ်မှုကို အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က အာဆီယံသံအမတ်တွေနဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) ညပိုင်းက ဆက်သွယ်ဆွေးနွေးမှုအတွင်း ပြောခဲ့တယ်လို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။



အဆိုပါ ဆက်သွယ်မှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို အာဆီယံနိုင်ငံတွေက အာရုံစိုက်မှုနဲ့ မြန်မာဒီမိုကရေစီ ချက်ချင်း ပြန်လည်ထိန်းသိမ်းရေးအတွက် ဒေသတွင်း အားပေးထောက်ခံမှုရဲ့ အရေးပါခြင်းကို အသိအမှတ်ပြု တန်ဖိုးထားကြောင်းလည်း ဆူလီဗန်က ပြောခဲ့တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(Photo: AP)

အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာမှာ ဖြစ်ပေါ်နေမှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း ယခုသီတင်းပတ်အစောပိုင်းမှာ အာဆီယံက ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဆူလီဗန်နဲ့ အာဆီယံသံအမတ်တွေဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးနဲ့ စီးပွားရေးနာလန်ပြန်ထူရန် အားပေးဆောင်ရွက်ရေး၊ ပင်လယ်ရေးကြောင်းသွားလာမှုဆိုင်ရာ လုံခြုံရေး၊ ပြည်သူများအချင်းချင်း ဆက်ဆံမှုကို အားပေးရေးနဲ့ အာဆီယံဗဟိုပြုမှုအရေးပါခြင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Win Lwin/Duwun)

မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ပါတီမှ လွှတ်တော်အမတ်အများစု တက်ရောက်ကြမယ့် လွှတ်တော်အစည်းအ‌ဝေးများ စတင်ကျင်းပရန် စီစဥ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က အာဏာသိမ်းပြီး တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားသူများ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အာဏာရှင်ဆန်ဆန် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း တရားစွဲဆိုခဲ့ပါတယ်။

(Photo: ဆူးနစ် - NPT)

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းရေး၊ ပြန်လည်သင့်မြတ်‌ရေးနဲ့ ပုံမှန်ပြန်ဖြစ်ရေး ဖေဖေါ်ဝါရီ ၁ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ "အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်မှုဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုရရှိရန် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ထပ်လောင်းပြောကြားပါတယ်" လို့ အာဆီယံဥက္ကဌထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။



က္က