ရေကာတာကျိုးပေါက်ပြီး ကြီးမားတဲ့ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ရေခဲမြစ်တစ်ခု ရေကာတာတစ်ခုထဲသို့ ပြိုကွဲကျခဲ့ရာ ကြီးမားတဲ့ရေကြီးမှု ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံးနေပြီး သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ရေကာတာ ကျိုးပေါက်ပျက်စီးမှုကြောင့် အူတာရက်ခန်းပြည်နယ်ရှိ တောင်ကြားတစ်လျှောက် ရေလွှမ်းမိုးမှု အကြီအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုဒေသအတွင်းရှိ ကျေးရွာတွေမှာ ရွှေ့ပြောင်းခဲ့ကြပေမဲ့ ရေကြီးမှုအတွင်း လူရာနဲ့ချီ ပျောက်ဆုံး သို့မဟုတ် သေဆုံးနိုင်ဖွယ်ရှိကြောင်း အစိုးရတာဝန်ရှိသူတွေက သတိပေး ပြောကြားခဲ့ပါတယ်။



ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုအရ ရေကာတာရှိရာ နယ်မြေဒေသတစ်လျှောက် ရေများစီးဆင်းသွားခဲ့ပြီး အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ "ဖြစ်တာက အရမ်းမြန်တယ်၊ သတိပေးဖို့ အချိန်မရခဲ့ဘူး၊ ကျွန်တော်တို့တောင် ရေကြီးမှုထဲပါသွားမယ်လို့ ခံစားမိခဲ့ကြတယ်" လို့ Sanjay Singh Rana က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: AP)

နောက်ဆုံးသိရတဲ့ သတင်းတွေအရ ရေကာတာ ကျိုးပေါက်ပျက်စီးမှုအတွင်း‌ အနည်းဆုံး လူ ၂၆ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ပြီး လူ ၁၅၀ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ပျောက်ဆုံးနေသူအများစုဟာ Tapovan နယ်မြေရှိ ကျိုးပေါက်ပျက်စီးခဲ့တဲ့ ရေကာတာအနီး ရေအားလျှပ်စစ်စီမံကိန်းမှ အလုပ်သမားများ ဖြစ်ပါတယ်။

Rishiganga Hydroelectric Project ရေအားလျှပ်စစ်စီမံကိန်းမှာ အလုပ်သမား ၅၀ ကျော် အလုပ်လုပ်ကိုင်နေခဲ့ကြပြီး ၎င်းတို့အားလုံး ရေကြီးမှုအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း အူတာရက်ခန်းပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Ashok Kumar က ပြောခဲ့ပါတယ်။ ထိုစီမံကိန်းနေရာမှ အလုပ်သမားအချို့ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

(Photo: AP)

အရေးပေါ်ကယ်ဆယ်ရေးသမားတွေက အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ဥမင်တစ်ခုထဲကနေ အလုပ်သမား ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှ ကယ်ဆယ်ရေးအဖွဲ့တွေက အလုပ်သမားတွေရဲ့ အသက်ကိုကယ်ဆယ်ရန် အစွမ်းကုန်ကြိုးပမ်းနေကြကြောင်း အူတာရက်ခန်းပြည်နယ်ဝန်ကြီးချုပ် Trivendra Singh Rawat က ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း ယခုဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ တစ်နိုင်ငံလုံးက ရေကြီးမှုဖြစ်ပွားတဲ့နေရာမှာ အားလုံးဘေးကင်းစေရန် ဆုတောင်းနေကြတယ်လို့ Twitter မှာ ပြောခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ရေကာတာအနီးရှိ ရေကြီးမှုအန္တရာယ်ရှိတဲ့ ကျေးရွာများမှာ ရွာသူရွာသားတွေကို ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

ရေကာတာ ကျိုးပေါက်ပျက်စီးပြီးနောက် မြစ်ရေဟာ ပုံမှန်ရေအမှတ်ထက် သုံးပေကျော် မြင့်တက်ကြောင်း၊ သို့သော် ‌ရေစီးဆင်းမှု လျော့ကျနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် Trivendra Singh Rawat က ပြောပါတယ်။ အူတာရက်ခန်းနဲ့ အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ အူတာပရာဒက်ရှ်မှာလည်း မြစ်ကမ်းနံဘေး နေရာအချို့မှာ ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ



က္က