တပ်မတော်အာဏာသိမ်းမှုကို ပြည်သူလူထုသိန်းနဲ့ချီ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
Ko John

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်သွားမယ်လို့ ကုလသမဂ္ဂက ယမန်နေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မှာ ထုတ်ပြန်ပါတယ်။

(Photo: Win Lwin/Duwun)

ဗြိတိန်နဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအရေး လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးပြုလုပ်ရန် ယမန်နေ့ အစောပိုင်းမှာ တောင်းဆိုခဲ့ရာ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၁၉ နိုင်ငံက ထောက်ခံခဲ့ပါတယ်။ မြန်မာအခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီ အထူးအစည်းအ‌ဝေးပြုလုပ်ရန် ထောက်ခံခဲ့တဲ့ နိုင်ငံအများစုဟာ အနောက်အုပ်မှဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားကလည်း ထောက်ခံခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



၂၀၁၈ ခုနှစ် ဒေါ်နယ်ထရန့်လက်ထက်က လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန်နိုင်ငံကလည်း ယမန်နေ့မှာ ပြန်လည်ပါဝင်ကြောင်း ကြေညာခဲ့ပြီး မြန်မာအရေး အထူးအစည်းအဝေးကို ထောက်ခံမှုအဖြစ် လေ့လာတဲ့နိုင်ငံ ၂၈ နိုင်ငံစာရင်းမှာ ပါဝင်လာပါတယ်။ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးကို ထောက်ခံကြတဲ့ နိုင်ငံတွေက အစည်းအဝေးမှာတင်ပြရန် အရေးယူဆောင်ရွက်ချက် မူကြမ်းတစ်ခုကို ဆွေးနွေးနေခဲ့ကြောင်း သက်ဆိုင်ရာ သံတမန်တွေက ပြောခဲ့ပါတယ်။

(Photo: Win Lwin/Duwun)

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေးစတင်ရန် သတ်မှတ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတဦးဝင်မြင့်က သမ္မတအဖြစ်တာဝန်ယူပြီး နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် လွှဲအပ်ခဲ့ပါတယ်။

(Photo: Kyaw Zin Mann/Win Lwin/Duwun)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အုပ်ချုပ်စီမံရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အရေးပေါ်ကာလပြီးလျှင် ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ဖေဖေါ်ဝါရီ ၂ ရက်မှစပြီး မြန်မာနိုင်ငံမှာ ည ၈ နာရီတိုင်း သံပုံးတီးပြီး တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထို့နောက် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာတော့ တပ်မတော်အာဏာသိမ်းမှုကို ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်၊ ၈ ရက်နေ့တွေမှာလည်း မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ အရှိန်အဟန်မြှင့် ဆက်လက် ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တစ်မြို့တည်းမှာပင် လူဦးရေသိန်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။

(Photo: Win Lwin/Duwun)

ထို့အတူ အစိုးရဝန်ထမ်းတွေကလည်း ရုံးမသွားတဲ့ အမိန့်မနာခံတဲ့ Civil Disobedience Movement (CDM) လှုပ်ရှားမှုလုပ်ဆောင်နေကြသလို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေမှာလည်း ပါဝင်လာခဲ့ကြပါတယ်။ ရွေးကောက်ခံ နိုင်ငံရေးသမားတွေနဲ့ အရပ်သားတွေကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအတွက် စိုးရိမ်ဖွယ်ရာ ရိုက်ခတ်မှုများရှိကြောင်း ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Julian Braithwaite က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ရပ်မှာ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ်ကို ဖေဖေါ်ဝါရီ ၄ ရက် နေ့စွဲဖြင့် ထုတ်ထားပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။


Author


က္က