နယူးဇီလန်က တပ်မတော်ဦးဆောင်တဲ့ မြန်မာအစိုးရကို အသိအမှတ်မပြုကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းခဲ့ပြီးနောက် နယူးဇီလန်က အဆင့်မြင့် တာဝန်ရှိသူများကြား ဆက်ဆံရေးအားလုံး ဆိုင်းငံ့ထားလိုက်ပြီး မြန်မာတပ်မတော်ခေါင်းဆောင်တွေ နိုင်ငံသို့လာရောက်ခြင်းကို ပိတ်ပင်လိုက်တယ်လို့ ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက ယနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) ပြောပါတယ်။

(Photo: Reuters)

ထို့အတူ နယူးဇီလန်ရဲ့ အကူအညီပေးမှုအစီအစဥ်မှာလည်း စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ မပါဝင်စေရေး သေချာစေရန် လုပ်ဆောင်မယ်လို့ အာဒန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "ကျွန်မတို့ရဲ့ ခိုင်မာတဲ့ သတင်းစကားကတော့ ကျွန်မတို့ လုပ်နိုင်တာကို နယူးဇီလန်ကနေ လုပ်သွားမယ်ဆိုတာပါပဲ၊ ဒီလိုလုပ်ဆောင်မယ့်အရာတွေထဲမှာ အဆင့်မြင့်အရာရှိတွေကြား ဆက်ဆံရေးများ ဆိုင်းငံ့ထားမှာနဲ့ မြန်မာကိုပေးအပ်တဲ့ မည်သည့်ငွေကြေးထောက်ပံ့မှုမဆို စစ်အစိုးရကို ထောက်ခံတာမျိုးမဖြစ်စေဖို့ သေချာအောင် ဆောင်ရွက်မှာလည်း ပါဝင်ပါတယ်" လို့ နယူးဇီလန်ဝန်ကြီးချုပ်က အတည်ပြုခဲ့ပါတယ်။



(Photo: ဆူးနစ် - NPT)

နယူးဇီလန်ရဲ့ မြန်မာနိုင်ငံသို့ အကူအညီပေးမှု အစီအစဥ်က ၂၀၁၈ နဲ့ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။ နယူးဇီလန်က တပ်မတော်ဦးဆောင်တဲ့ မြန်မာအစိုးရကို အသိအမှတ်မပြုဘဲ တပ်မတော်အနေနဲ့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရန် တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta က သီးခြားထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

နယူးဇီလန်အစိုးရက မြန်မာတပ်မတော်ရဲ့ ခေါင်းဆောင်တွေကို ခရီးသွားလာခွင့်ပိတ်ပင်ရန် သဘောတူညီထားပြီး လာမယ့်သီတင်းပတ်အတွင်း တရားဝင် စတင်သက်ရောက်မယ်လို့လည်း Nanaia Mahuta က ဆိုပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်သွားမယ်လို့ ကုလသမဂ္ဂက ယမန်နေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မှာ ထုတ်ပြန်ကြောင်း သိရပါတယ်။

(Photo: Thar Gyi/Duwun)

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေးစတင်ရန် သတ်မှတ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတဦးဝင်မြင့်က သမ္မတအဖြစ်တာဝန်ယူပြီး နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် လွှဲအပ်ခဲ့ပါတယ်။

(Photo: Win Lwin/Duwun)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အုပ်ချုပ်စီမံရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အရေးပေါ်ကာလပြီးလျှင် ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ဖေဖေါ်ဝါရီ ၂ ရက်မှစပြီး မြန်မာနိုင်ငံမှာ ည ၈ နာရီတိုင်း သံပုံးတီးပြီး တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထို့နောက် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာတော့ တပ်မတော်အာဏာသိမ်းမှုကို ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်၊ ၈ ရက်နဲ့ ယနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) မှာလည်း မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြှင့် ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

(Photo: မင်းနန္ဒ)

ယနေ့ ပြုလုပ်ခဲ့ကြတဲ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအနက် နေပြည်တော်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသူ အနည်းဆုံးတစ်ဦး အပါအဝင် ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို ဖမ်းဆီးမှုရှိခဲ့ပြီး မြို့ခံလူထုက ပြန်လွှတ်ပေးရန် တောင်းဆိုနေခဲ့ကြပါတယ်။

ပဲခူးမြို့မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပြီး အခြေအနေတင်းမာခဲ့ပေမဲ့ မြို့ခံလူကြီးတွေက အကြမ်းမဖက်ရန် ဆွေနွေးညှိနှိုင်းခဲ့ရာ ရဲတပ်ဖွဲ့က နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ပဲခူးမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။ ရန်ကုန်မြို့မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင့်ရေး ဆန္ဒပြမှုတွေ လှည်တန်း၊ ဆူးလေအပါအဝင် နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ နေပြည်တော်နဲ့ မကွေးမှာ ဆန္ဒပြ ပြည်သူလူထုနဲ့ ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရှိခဲ့ပါတယ်။



က္က