တပ်မတော်အာဏာသိမ်းမှုအပေါ် စိုးရိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

စင်ကာပူဂိမ်းကုမ္ပဏီ Razer ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒါရိုက်တာ Lim Kaling က မြန်မာတပ်မတော် အာဏာသိမ်းမှုအပေါ် အလေးအနက် စိုးရိမ်ပူပန်ခဲ့ပြီးနောက် ထိုနိုင်ငံရှိ ဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ထည့်ဝင်ထားတဲ့ ၎င်းရဲ့ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းသွားတော့မယ်လို့ ပြောပါတယ်။

(Photo: Thar Gyi/Duwun)

ဖေဖေါ်ဝါရီ ၉ ရက်နေ့က မီဒီယာကို ထုတ်ပြန်ခဲ့တဲ့ Lim Kaling ရဲ့ ထုတ်ပြန်ချက်အရ ၎င်းဟာ RMH Singapore Pte Ltd မှတစ်ဆင့် မြန်မာနိုင်ငံမှ Virginia Tobacco ကုမ္ပဏီရဲ့ အနည်းစုရှယ်ယာပိုင်ဆိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ စင်ကာပူကုမ္ပဏီ RMH Singapore က Virginia Tobacco ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။



Virginia Tobacco ရဲ့ ကျန်ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုတော့ မြန်မာတပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီ (Myanmar Economic Holdings Limited - MEHL) က ပိုင်ဆိုင်ထားကြောင်း ၂၀၁၉ ကုလသမဂ္ဂအစီရင်ခံစာအရ သိရှိရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

"မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေက ကျွန်တော့်ကို အလေးအနက် စိုးရိမ်ပူပန်မှုဖြစ်စေပါတယ်" လို့ Razer ဂိမ်းကုမ္ပဏီ ပူးတွဲတည်ထောင်သူ Lim Kaling က ပြောပါတယ်။ ၎င်းဟာ ၁၉၉၃ ခုနှစ်မှာ မိတ်ဆွေတစ်ဦးနဲ့အတူ မြန်မာနိုင်ငံမှစီးပွားရေးအခွင့်အလမ်းတွေ လုပ်ကိုင်ရန်အတွက် ဖက်စပ်ကုမ္ပဏီတစ်ခု စတင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေကို စိုးရိမ်တာကြောင့် ထိုဖက်စပ်ကုမ္ပဏီမှာ ၎င်းပိုင်ဆိုင်တဲ့ ရှယ်ယာသုံးပုံတစ်ပုံကို ရောင်းထုတ်နေကြောင်း Lim Kaling က မီဒီယာကို ထုတ်ပြန်ချက်မှာ ပြောထားကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေးစတင်ရန် သတ်မှတ်ထားတဲ့ ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတဦးဝင်မြင့်က သမ္မတအဖြစ်တာဝန်ယူပြီး နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် လွှဲအပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အုပ်ချုပ်စီမံရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အရေးပေါ်ကာလပြီးလျှင် ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ဖေဖေါ်ဝါရီ ၂ ရက်မှစပြီး မြန်မာနိုင်ငံမှာ ည ၈ နာရီတိုင်း သံပုံးတီးပြီး တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထို့နောက် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာတော့ တပ်မတော်အာဏာသိမ်းမှုကို ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တို့မှာလည်း မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြှင့် ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။



က္က