ထိုင်းဝန်ကြီးချုပ်ပရာယွတ် ကိုယ်တိုင်ကလည်း စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါတယ်။
Ko John

မြန်မာတပ်မတော် အာဏာသိမ်းခေါင်းဆောင်ထံမှ ဒီမိုကရေစီအရေး အားပေးထောက်ခံရန် မေတ္တာရပ်ခံထားတဲ့ စာတစ်စောင်လက်ခံရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) မှာ ပြောပါတယ်။

(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Government House)

လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ အရပ်သားအစိုးရ ဝန်ကြီးချုပ်ဖြစ်နေသူ ပရာယွတ်ကိုယ်တိုင်ကလည်း စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါတယ်။ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်က ထိုင်းဝန်ကြီးချုပ်ယင်လတ်ရဲ့ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်အာဏသိမ်းမှုကို ဦးဆောင်ခဲ့ပါတယ်။ ထို့နောက် စစ်အစိုးရ ဦးဆောင်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစေခဲ့ပါတယ်။



ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ယခုလက်ရှိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။ ၎င်းဟာ ဆိုးဆိုးရွားရွား အမှားတွေရှိခဲ့သူလို့ ပြိုင်ဘက်တွေက ပြောဆိုခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ၎င်းအနေနဲ့ အမြဲတမ်း အားပေးထောက်ခံခဲ့ကြောင်း ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: ကျော်ဇင်မန်း/Duwun)

"ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်စဥ်ကို အားပေးထောက်ခံပါတယ်၊ ဒါပေမဲ့ ဒီနေ့ အရေးအကြီးဆုံးက နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ပါ၊ ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေ၊ စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးကို အထူးသဖြင့် အခုအချိန်မှာ သက်ရောက်မှုရှိပါတယ်၊ ထိုင်းနိုင်ငံက ဒီမိုကရေစီဖြစ်စဥ်ကို အားပေးထောက်ခံပါတယ်၊ ကျန်တာကတော့ ဘယ်လို ဆက်လက်ဆောင်ရွက်ဖို့ဆိုတာ သူ့အပေါ်မူတည်ပါတယ်" လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ မြန်မာတပ်မတော်က နိုင်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြား ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းကိစ္စကို ဖြေရှင်းမပေးခဲ့ခြင်းနဲ့ လွှတ်တော်သစ် စတင်မယ့်ရက်ကိုရွှေ့ဆိုင်းရန် လက်မခံခဲ့ခြင်းတို့ကြောင့် မလွှဲမရှောင်သာပဲ ထို့သို့ လုပ်ဆောင်ခဲ့ရကြောင်း တပ်မတော်က ပြောခဲ့ပါတယ်။

(Photo: ဆူးနစ် - NPT)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (National League for Democracy - NLD) က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ သို့သော် တပ်မတော်က ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲအရေအတွက် ၁၀ သန်းကျော် စစ်ဆေးတွေ့ရှိရကြောင်း ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တပ်မတော်ရဲ့ ပြောဆိုမှုကို ပယ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ညစဥ် ၈ နာရီအချိန် မြို့ကြီးမြို့ငယ်တွေမှာ သံပုံးတီးပြီး ကန့်ကွက်ဆန္ဒပြမှု၊ လူဦးရေသိန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ဖေဖေါ်ဝါရီ ၉ ရက်နေ့က နေပြည်တော်ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက်လုနေရတဲ့ အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

.


Author


က္က