စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်လိုက်တာပါ။
Pyae Phyo Thein

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဟာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ပေးနေတဲ့ ကန်ဒေါ်လာ ၄၂သန်းကို အခြားကဏ္ဍတွေမှာ ပြောင်းလဲအသုံးပြုမယ်လို့ ပြောဆိုလိုက်ပါတယ်။

(Photo : USAID)

စစ်တပ်အာဏာသိမ်းမှုအပေါ် အသေးစိတ် ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ ကူညီထောက်ပံ့ပေးနေမှုတွေဟာ မြန်မာစစ်တပ်အတွက် အကျိုးရှိစေနိုင်တယ်လို့ ယူဆပြီး အခုလိုမျိုး ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါငွေကြေးတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ထောက်ပံံ့အားဖြည့်ဖို့အတွက် လွှဲပြောင်းပေးမယ်လို့ သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တဆင့် ကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။



ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းနေမှုတွေကို ဆက်လက်အားပေးသွားမယ်လိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။ အခုလိုဆောင်ရွက်ရခြင်းဟာ စစ်တပ်အတွက် အကျိုးရှိစေမယ့်အစား အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို အားဖြည့်ပေးတာဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

"USAID အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် ဆယ်စုနှစ်များစွာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ပါတယ်၊ သမ္မတဘိုင်ဒန်ကလည်း မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို တိုင်းပြည်ရဲ့ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအသွင်ကူးပြောင်းနေမှုကို တိုက်ရိုက်ချေမှုန်းခြင်းလို့ ဖော်ပြခဲ့ပါတယ်၊ မြန်မာပြည်သူတွေဟာ နှစ်ကာလများစွာရုန်းကန်ခဲ့ရပြီး သူတို့ရဲ့ ဒီမိုကရေစီအရေးတိုးတက်မှုတွေအတွက် အများကြီးစွန့်လွှတ်အနစ်နာခံခဲ့ရပါတယ်" လို့ ဖော်ပြပါရှိပါတယ်။

(Photo : USAID)

"အမေရိကန်အစိုးရက မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို အာဏာသိမ်းမှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒီအတွက်ကြောင့် မြန်မာနိုင်ငံအတွက် ကျွနု်ပ်တို့ရဲ့ အကူအညီတွေကို အသေးစိတ်ပြန်လည်သုံးသပ်ခဲ့ပြီး ရလဒ်အားဖြင့်တော့ USAID ဟာ မြန်မာအစိုးရအတွက် ကူညီထောက်ပံ့ပေးနေမှုတွေက ဒေါ်လာ ၄၂.၄သန်းကို ချက်ချင်းပြန်လည်ပြီး ပြောင်းလဲအသုံးချသွားမှာပါ၊ စစ်တပ်ကိုထောက်ပံ့မယ့်အစား အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့အားဖြည့်ဖို့ ဒီရန်ပုံငွေတွေကို လွှဲပြောင်းပေးသွားမှာပါ"

"USAID အနေနဲ့ မြန်မာပြည်သူတွေကို ဒေါ်လာ ၆၉ သန်းနီးပါးအထိ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ၊ ကိုဗစ်-၁၉ အတွက် တိုက်ပွဲဝင်နေမှုအပါအဝင် မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ ဒီမိုကရေစီနယ်ပယ်ကို ကာကွယ်စောင့်ရှောက်ရေး၊ စားနပ်ရိက္ခာဖူလုံရေးမြှင့်တင်ခြင်း၊ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို အထောက်အကူပြုခြင်း နဲ့ ငြိမ်းချမ်းရေးမြှင့်တင်ခြင်းတွေကို ထိန်းသိမ်းဖို့နဲ့ တိုးတက်စေဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

ဒီနေ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၁၂ ရက်မြောက်ခဲ့ပြီဖြစ်ပြီး နိုင်ငံတဝှမ်းက ပြည်သူတွေအားလုံးဟာ ဒီလုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေခဲ့ကြပါတယ်။ မြို့ကြီးတွေမှာ ပြည်သူသိန်းနဲ့ချီကာ လမ်းပေါ်ထွက်ဆန္ဒပြနေကြပြီး နိုင်ငံခြားသံရုံးရှေ့၊ ဌာနဆို်င်ရာရုံးရှေ့တွေမှာလည်း ငြိမ်းချမ်စွာနဲ့ အကြမ်းမဖက်ဆန္ဒပြနေကြပြီး စစ်အာဏာသိမ်းမှုအပေါ် အပြင်းအထန်ဆန့်ကျင်ပြီး တိုက်ပွဲဝင်နေကြပါတယ်။ USAID ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် ဒေါ်လာသန်းရာနဲ့ချီပြီး အကူအညီပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။ 


Author


က္က