ဗြိတိန်နဲ့ ဥရောပသမဂ္ဂက တင်သွင်းခဲ့တဲ့ မြန်မာအရေး ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ မြန်မာအရေး အထူးအစည်း‌အဝေး ပြုလုပ်ခဲ့ရာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရန်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက်မှုရှောင်ကြဥ်ရန် တောင်းဆိုလိုက်ပါတယ်။

(Photo: Thar Gyi/Duwun)

အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က တင်သွင်းခဲ့တဲ့ မြန်မာအရေး ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲမှုမပါဘဲ တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နဲ့ ကုလသမဂ္ဂစောင့်ကြည့်သူတွေ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် တောင်းဆိုကြောင်းဆုံးဖြတ်ချက်ကို ဆွေးနွေးခဲ့ပြီး တညီတညွတ်တည်း လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာအရေး ဆုံးဖြတ်ချက် မဲခွဲမှုကို ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။



ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကတော့ ယခုဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ မဲခွဲမှုမတိုင်မီ ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andreews ကို မြန်မာနိုင်ငံမှ လက်ရှိ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေး အကဲဖြတ်ပြီး အသစ်ထပ်မံသိရှိရတဲ့ သတင်းအချက်အလက်တွေကို အစီရင်ခံတင်ပြရန် တောင်းခံထားကြောင်းလည်း ကောင်စီရဲ့ Twitter မှာ ဖော်ပြထားပါတယ်။

(Image: @UN_HRC/Twitter)

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး စဥ်းစားရန်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးကိုယ်စားလှယ်က ကုလမသဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုရေးကောင်စီက ဖေဖေါ်ဝါရီ ၄ ရက် နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားအစိုးရအဖွဲ့ဝင်တွေကို အာဏာရှင်ဆန်ဆန် ထိန်းသိမ်းထားမှုအပေါ် အလေးအနက် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

(Photo: Thar Gyi/Duwun)

အမေရိကန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရထံမှ တပ်မတော်အာဏာသိမ်းမှုကို တုံ့ပြန်မှုအဖြစ် လက်ရှိနဲ့ အငြိမ်းစား တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနဲ့ တပ်မတော်က ပိုင်ဆိုင်တဲ့ သို့မဟုတ် ထိန်းချုပ်ထားတဲ့ ကျောက်မျက်နဲ့ ကျောက်စိမ်းကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် နယူးဇီလန်နိုင်ငံကလည်း အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အဆင့်မြင့် တာဝန်ရှိသူများကြား ဆက်ဆံရေးအားလုံး ဆိုင်းငံ့ထားလိုက်ပြီး မြန်မာတပ်မတော်ခေါင်းဆောင်တွေ နိုင်ငံသို့လာရောက်ခြင်းကို ပိတ်ပင်လိုက်တယ်လို့ ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Image: @UN_HRC/Twitter)

ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးသို့ ဥရောပသမဂ္ဂကိုယ်စားလှယ်ရဲ့ ပြောကြားမှုကို ဥရောပသမဂ္ဂဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ထိုပြောကြားမှုမှာပါဝင်တဲ့ အာဏာသိမ်း စစ်အစိုးရကို တောင်းဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျာနယ်လစ်များ၊ မီဒီယာဝန်ထမ်းများနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်
  • ဆက်သွယ်ရေးဆိုင်ရာများ ကန့်သတ်ပိတ်ပင်ခြင်းမပြုရန်နဲ့ အွန်လိုင်းပေါ်မှာနဲ့ ပြင်ပမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်စွာဆန္ဒပြခွင့်နဲ့ လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့်၊ တရားဥပဒေစိုးမိုးရေး အပါအဝင် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်
  • အရေးပေါ်အခြေအနေကြေညာထားမှုကို ချင်ချင်း ရုပ်သိမ်းရန်
  • တရားဝင် အရပ်သားအစိုးရပြန်ဖွဲ့ရန်
  • အသစ်ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်များကို ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ စတင်ရန်
  • လွှတ်တော်ကနေ သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်ဖွဲ့စည်းရန်
  • ငြိမ်းချမ်းစွာ ဆန္ဒပြသူအားလုံးကို အင်အားအလွန်အကျွံသုံးခြင်း ရှောင်ကြဥ်ရန်နဲ့ ဘေးအန္တရာယ်ကင်းမှုကို အာမခံရန်
  • အသင်းအဖွဲ့ လွပ်လပ်စွာဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်ပြုရန်နဲ့ နိုင်ငံတကာဥပဒေများနဲ့အညီ အင်အားအလွန်အကျွံသုံးခြင်း ရှောင်ကြဥ်ရန်
  • ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေနဲ့ ထိခိုက်လွယ် အားနည်းတဲ့လူ့အသိုင်းအဝိုင်းကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအတွက် လွတ်လပ်စွာ ဝင်ရောက်ခွင့်ရရန်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ၏ ထုတ်ပြန်ချက် မြန်မာဘာသာဖြင့် ဖတ်ရှုရန်

Ref: Reuters, EU, OHCHR



က္က