မြန်မာပြည်သူတွေအတွက် ၎င်းတို့ရဲ့ အားပေးထောက်ခံမှုကိုပြသရန် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအပြင်ဘက်မှာ ခွင့်ပြုချက်မရဘဲ လူစုရုံးမှုတစ်ခုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားသုံးဦးကို စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူရဲတပ်ဖွဲ့ (Singapore Police Force - SPF) က ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ပြောပါတယ်။

(စင်ကာပူရှိ မြန်မာသရုံးမြင်ကွင်းတစ်ခု) (Photo: Google Street View screengrab)

စုံစမ်းစစ်ဆေးခံရသူ သုံးဦးဟာ အသက် ၄၈ နှစ်နဲ့ ၆၁ နှစ်အရွယ် ဂျပန်အမျိုးသားနှစ်ဦးနဲ့ အသက် ၄၉ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။ ထိုအမျိုးသားသုံးဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က မြန်မာသံရုံးအပြင်ဘက်မှာ မြန်မာပြည်သူတွေအတွက် ၎င်းတို့ရဲ့ အားပေးထောက်ခံမှုကိုပြသရန် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။



၎င်းတို့ထံမှ စာတန်းရေးထားတဲ့ဘုတ်ပြားနှစ်ခု၊ မိုဘိုင်းဖုန်းသုံးလုံးနဲ့ စာတစ်စောင်ကို သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေကြောင်း သိရပါတယ်။ "စင်ကာပူမှာ ရဲတပ်ဖွဲ့ ခွင့်ပြုချက်မရှိဘဲ လူထုစုဝေးမှုကို စီစဥ်ခြင်း သို့မဟုတ် ပါဝင်ခြင်းဟာ Public Order Act အရ ပြစ်မှုတစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူကို သတိပေးလိုပါတယ်" လို့ SPF က ယမန်နေ့မှာ ပြောခဲ့ပါတယ်။

(ရန်ကုန်မြို့ လှည်းတန်းမှ ဆန္ဒပြမှု) (Photo: Thar Gyi/Duwun)

"စင်ကာပူမှာ အလည်အပတ်လာရောက်သူ၊ အလုပ်လုပ်ကိုင်သူ သို့မဟုတ် နေထိုင်သူတွေဟာ ကျွန်ုပ်တို့ရဲ့ ဥပဒေအတိုင်း လိုက်နာနေထိုင်ကြရန်နဲ့ ၎င်းတို့ရဲ့ မိခင်နိုင်ငံများမှ နိုင်ငံရေးကိစ္စတွေကို စင်ကာပူသို့ ယူမလာသင့်ကြောင့်း" ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ သတိပေးထားခဲ့ပါတယ်။ ဥပဒေချိုးဖောက်သူတွေဟာ အရေးယူခံရမှာဖြစ်ပြီး ၎င်းတို့ရဲ့ ဗီဇာ သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်များ ပယ်ဖျက်ခံရနိုင်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်း အာဏာသိမ်းမှုနဲ့အတူ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း တရားစွဲဆိုခဲ့ပါတယ်။

(မန္တလေးမြို့မှ ဆန္ဒပြမှုတစ်ခု) (Photo: နန္ဒ - မန္တလေး)

တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစပြီး ည ၈ နာရီအချိန်မှာ ကန့်ကွက်ဆန္ဒပြကြောင်း ပြည်သူလူထုက သံပုံးတီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ ဒါ့အပြင် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှစပြီး မြို့ကြီးမြို့ငယ်များ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း လူဦးရေသိန်းနဲ့ချီပါဝင်ကြတဲ့ တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ရေး နေ့စဥ် လမ်းပေါ်ထွက် ဆန္ဒပြနေခဲ့ကြပါတယ်။ ထို့အတူ အစိုးရဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်မဝင်ဘဲ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိနေခဲ့ပါတယ်။ 



က္က