ဖေဖေါ်ဝါရီ ၁၄ ရက် ညဥ့်နက်ပိုင်းက တောင်တန်းများမှ ရွှံ့နွံများပြိုကျခဲ့ပြီး နေအိမ်တွေပေါ်ကို ဖုံးအုပ်သွားခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အဓိကကျွန်းဖြစ်တဲ့ ဂျာဗားကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၀ ဦး ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ပြောပါတယ်။

(Photo: AFP)

ကယ်ဆယ်ရေးသမားတွေကို မြေပြိုမှုအတွင်း နစ်မြုပ်သွားသူတွေကို လက်ဗလာနဲ့ လယ်ယာသုံးကိရိယာများဖြင့် အသည်းအသန်း တူးဖော်ရှာဖွေနေကြကြောင်း သိရပါတယ်။ အရှေ့ဂျာဗားပြည်နယ် Nganjuk ခရိုင်အတွင်းရှိ Selopuro ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားများ၊ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ စေတနာ့ဝန်ထမ်းတွေက ပူးပေါင်းရှာဖွေနေကြကြောင်း National Disaster Mitigation Agency မှ ပြောခွင့်ရပုဂ္ဂိုလ် Raditya Jati က ပြောပါတယ်။



တနင်္ဂနွေ (ဖေဖေါ်ဝါရီ ၁၄ ရက်) ညဥ့်နက်ပိုင်းက အနီးအနားရှိ တောင်တန်းများမှ ရွှံ့နွံများပြိုကျလာခဲ့ပြီး အနည်းဆုံး နေအိမ် ၈ လုံးကို ဖုံးအုပ်သွားခဲ့ပါတယ်။ ယခုမြေပြိုမှုအတွင်း လူ ၁၄ ဦး ဏ်ရာခဲ့ကြောင်းလည်း သိရပါတယ်။ မြေပြိုမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးသမားတွေက သေဆုံးသူအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ရွှံ့နွံများအောက်မှ ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပါတယ်။

(Photo: National Search and Rescue Agency)

ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေကြောင်း စာရင်းသိရှိထားသူ ၁၀ ဦးကို ရှာဖွေနေဆဲဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာသို့ စက်ယန္တရားကြီးများ မရောက်ရှိနိုင်ဘဲ ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့ရတယ်လို့ Raditya Jati က ဆိုပါတယ်။ အရှေ့ဂျာဗားပြည်နယ်မှာ ယမန်နေ့ ညလုံးပေါက် မိုးရွာသွန်းခဲ့မှုကြောင့် အခြား ခရိုင်တွေမှာ ယနေ့ မြစ်ရေလျှံမှုများ ပိုမိုဖြစ်ပေါ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားရှိ အခြား ပြည်နယ်အများအပြားမှာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ကျွန်းပေါင်း ၁၇,၀၀၀ ရှိတဲ့ အင်ဒိုနီးရှားမှာ ရာသီအလိုက် မိုးရွာသွန်းမှုတွေကြောင့် မြေပြိုမှုနဲ့ ရေကြီးမှုများ နှစ်စဥ် ဖြစ်ပေါ်လေ့ရှိပြီး တောင်တန်းဒေသ သို့မဟုတ် ရေလွှမ်းမိုးမှုခံရနိုင်တဲ့ လွင်ပြင်တွေမှာ လူဦးရေ သန်းနဲ့ချီ နေထိုင်လျက်ရှိကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်ကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က