ကာကွယ်ဆေးအတု ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်းတင်ရောင်းချမှုနဲ့ တရားမဝင် ကာကွယ်ဆေးထိုးမှုတို့ဖြင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးနဲ့ ဆက်နွယ်နေတဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်အရေးယူနေရာ ကာကွယ်ဆေးအတု ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်းတင်ရောင်းချမှုနဲ့ တရားမဝင် ကာကွယ်ဆေးထိုးမှုတို့ဖြင့် လူဦးရေ ဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့ကြောင်း အစိုးရသတင်းဌာန Xinhua က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

(သရုပ်ဖော်ဓာတ်ပုံ ဖြစ်ပါသည်) (Photo: Reuters)

တရုတ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) အထိ ကာကွယ်ဆေးနဲ့ဆက်နွယ်တဲ့ ပြစ်မှုများဖြင့် သံသယရှိသူ ၇၀ ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ အများအပြားဟာ ကာကွယ်ဆေးအတု ထုတ်လုပ်ဖြန့်ဖြူးရန် ကနဦးအဆင့် လုပ်ဆောင်နေစဥ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပါတယ်။



ဖမ်းဆီးခဲ့တဲ့ သံသယရှိသူအုပ်စုတစ်ခုက ဆားဖျော်ရည် သို့မဟုတ် ဓာတ်သတ္တုရေသုံးပြီး COVID-19 ကာကွယ်ဆေးအတု ၅၈,၀၀၀ ထုတ်လုပ်ခဲ့ခြင်းဖြင့် ယွမ်ငွေ ၁၈ သန်း (အမေရိကန်ဒေါ်လာ ၂.၈ သန်း) အမြတ်အစွန်းရရှိခဲ့ကြောင်း Xinhua က ဆိုပါတယ်။ အဆိုပါ အုပ်စုရဲ့ခေါင်းဆောင်ကို ပြီးခဲ့တဲ့ ခရစ်မတ်နေ့မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ ၎င်းဟာ မိသားစုအမည် Kong လို့ခေါ်သူဖြစ်ကြောင်းသာ သိရပါတယ်။

(သရုပ်ဖော်ဓာတ်ပုံ ဖြစ်ပါသည်) (Photo: Reuters)

အခြား အမှုတွေအနက် COVID-19 ကာကွယ်ဆေးအတုတွေကို ဈေးကြီးကြီးဖြင့် ရောင်းချခြင်း၊ ဆေးရုံတွေမှာ အရေးပေါ်ကာကွယ်ဆေးထိုးခွင့်ရမယ်လို့ သို့မဟုတ် ပြည်ပမှ မှောင်ခိုတင်သွင်းပေးမယ်လို့ လိမ်လည်ခြင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်မှာ COVID-19 အတု ထုတ်လုပ်နေကြောင်း သံသယရှိသူတွေနဲ့ ကာကွယ်ဆေးအတု အရေအတွက် ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်း Xinhua သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံက အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) အထိ ကူးစက်နိုင်မှု အဓိကအုပ်စုများမှာ ပါဝင်ကြတဲ့ လူဦးရေ ၄၀.၅၂ သန်းကို COVID-19 ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတာဖြစ်ပေမဲ့ တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှု၊ ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ကူးစက်ခံရနိုင်သူ ခြေရာခံ ရှာဖွေဖော်ထုတ်မှုတို့ဖြင့် ကူးစက်ပျံ့နှံ့မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 



က္က