ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်လည်း ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၁၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အတည်ပြုလူနာ ၂.၇ သန်းရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။

(Photo: AP)

ထို့အတူ COVID-19 ကြောင့် သေဆုံးသူအရေအတွက်လည်း ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး သေဆုံးသူ ၈၁,၀၀၀ ရှိခဲ့ကြောင်း WHO က ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) မှာ ထုတ်ပြန်ခဲ့တဲ့ ကပ်ရောဂါဆိုင်ရာ အချက်အလက်အသစ်တွေအရ သိရှိရပါတယ်။ ယမန်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေဟာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့အထိ သိရှိရတဲ့ ကိန်းဂဏန်းများအရဖြစ်ကြောင်း WHO က ပြောပါတယ်။



WHO က သမှတ်ထားတဲ့ နယ်မြေခြောက်ခုအနက်မှ ငါးခုမှာ COVID-19 ကူးစက်မှုအသစ်များ ကိန်းဂဏန်းနှစ်လုံး ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အရှေ့ပိုင်းမြေထဲပင်လယ်မှာတော့ ကူးစက်မှုအသစ် မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အာဖရိကနဲ့ အနောက်ပစိဖိတ်မှာ ကူးစက်မှုအသစ် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ဥရောပမှာ ၁၈ ရာခိုင်နှုန်း၊ အမေရိကမှာ ၁၆ ရာခိုင်နှုန်းနဲ့ အရှေ့တောင်အာရှမှာ ၁၃ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း WHO စာရင်းအရ သိရှိရပါတယ်။

(Photo: Christopher Black/AFP)

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုအသစ် တွေ့ရှိရမှုဟာ သီတင်းပတ်ငါးပတ်ဆက်တိုက် လျော့ကျနေခဲ့ပြီး ဇန်နဝါရီ ၄ ရက် သီတင်းပတ်မှာ ငါးသန်းကျော်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထက်ဝက်နီးပါးအဖြစ် ၂.၇ သန်း တွေ့ရှိခဲ့ရကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

အခု အရေးကြီးတာက ကူးစက်မှုအသစ်တွေ ဒီလိုဆက်လျော့ကျနေဖို့ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲဆိုတာပါပဲ၊ မီးကတော့ မငြိမ်းသေးပါဘူး၊ ဒါပေမဲ့ သူ့အရွယ်အစားကို ကျွန်တော်တို့ လျှော့ချခဲ့ကြပါပြီ၊ တစ်ကယ်လို့ ဒါကို ရပ်တန့်လိုက်ရင် တဟုန်းဟုန်း ပြန်တောက်လောင်လာပါလိမ့်မယ်

"ဒါက မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်ရှိနေတာတောင် ရိုးရှင်းတဲ့ ပြည်သူလူထု ကျန်းမာရေး အစီအမံတွေက အလုပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်" လို့ WHO အကြီးအကဲက ဆိုပါတယ်။ "အခု အရေးကြီးတာက ကူးစက်မှုအသစ်တွေ ဒီလိုဆက်လျော့ကျနေဖို့ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲဆိုတာပါပဲ၊ မီးကတော့ မငြိမ်းသေးပါဘူး၊ ဒါပေမဲ့ သူ့အရွယ်အစားကို ကျွန်တော်တို့ လျှော့ချခဲ့ကြပါပြီ၊ တစ်ကယ်လို့ ဒါကို ရပ်တန့်လိုက်ရင် တဟုန်းဟုန်း ပြန်တောက်လောင်လာပါလိမ့်မယ်" လို့ Tedros က ဥပမာပေး ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

ယခုအခါ ဗြိတိန်မှာ ပထမဆုံးစတွေ့ခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) အထိ နိုင်ငံပေါင်း ၉၄ နိုင်ငံမှာ ကူးစက်မှုရှိလာခဲ့ကြောင်းလည်း WHO က ထုတ်ပြန်ပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပြည်တွင်းကူးစက်မှုတွေ့ရတဲ့ နိုင်ငံကတော့ ၄၇ နိုင်ငံရှိတယ်လို့ ဆိုပါတယ်။

ထို့အတူ ဘရာဇီး မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ယခုအခါ နိုင်ငံ ၂၁ ခုမှာ တွေ့ရှိလာရပြီး အနည်းဆုံး ၂ နိုင်ငံမှာ အဆိုပါဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများ ရှိနေပါတယ်။ COVID-19 ကပ်ရောဂါြဖစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ သန်း ၁၁၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၂.၄ သန်းရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က