အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘူရူနိုင်းနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အာဆီယံ (Southeast Asian Nations - ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်နိုင်ခြေအပေါ် အင်ဒိုနီးရှားနိုင်ငံက တိုင်ပင်စည်းရုံးနေကြောင်း သိရပါတယ်။

(အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Rento Marsudi) (Photo: Reuters)

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Rento Marsudi က သူမရဲ့ ဒေသတွင်း ခရီးစဥ်အတွင်း လက်ရှိ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘူရူနိုင်းနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီး ဘုရင် Sultan Hassanal Bolkiah နဲ့ ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) တွေ့ဆုံခဲ့ပါတယ်။ "ဘရူနိုင်းဘုရင်က ကျွန်မကို လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မိသားစုသဖွယ် ချက်ချင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ကြဖို့ အရေးကြီးတယ်လို့လည်း အလေးအနက် ပြောခဲ့ပါတယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဘရူနိုင်းကနေ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ်ယာစင်တို့က မြန်မာအရေး အထူးအစည်းအ‌‌ဝေးအတွက် ၎င်းတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအား ဘရူနိုင်းကိုပြောဖို့ညွှန်ကြားရန် သဘောတူညီခဲ့ကြပြီးနောက် Rento Marsudi ရဲ့ ဒေသတွင်းခရီးစဥ် စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

(မလေးဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတ တွေ့ဆုံစဥ်) (Photo: Presidential Secretariat Press Bureau/Laily Rachev)

ဘရူနိုင်းကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Rento Marsudi က တပ်မတော်အာဏာသိမ်းမှု စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သို့သော် အင်ဒိုနီးရှားနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာကိုကူညီရန် ဘာလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းရှိနေဆဲဖြစ်တယ်လို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။

အာဆီယံပဋိညာဥ်ရဲ့ Article 1(7) မှာက ဒီမိုကရေစီ အားကောင်းစေရန်၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရန်၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ရန်နဲ့ ကာကွယ်ရန်လို့ ဖော်ပြထားပါတယ်

"မိသားစုတစ်ခုအနေနဲ့၊ အာဆီယံမိသားစုတစ်ခုအနေနဲ့ အာဆီယံအဖွဲ့ဝင်အားလုံးက အာဆီယံပဋိညာဥ်စာတမ်းမှာ ဖော်ပြထားချက်ကို လေးစားကြရန် တာဝန်ရှိပါတယ်၊ အာဆီယံပဋိညာဥ်ရဲ့ Article 1(7) မှာက ဒီမိုကရေစီ အားကောင်းစေရန်၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရန်၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ရန်နဲ့ ကာကွယ်ရန်လို့ ဖော်ပြထားပါတယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

(ရန်ကုန်မှာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားစဥ်) (Photo: ကျော်ဇင်မန်း)

အင်ဒိုနီးရှားအနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေခံမူတွေကို စွဲကိုင်သွားမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ မြန်မာပြည်သူလူထုရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ကောင်းကျိုးရှိမှုကို ဦးစားပေးသွားမယ်လို့လည်း Rento Marsudi က ပြောခဲ့ပါတယ်။ မိမိတို့နိုင်ငံက မြန်မာပြည်သူလူထုအတွက် အကောင်းဆုံးအဖြေ ရှာဖွေရေးမှာလည်း ကူညီသွားမယ်လို့ သူမကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် စုရုံးဆန္ဒပြမှုတွေ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှစပြီး မြို့ကြီးမြို့ငယ် အများအပြားမှာ ပေါ်ပေါက်နေခဲ့ပါတယ်။



က္က