ရဲတပ်ဖွဲ့က နဂျစ်ရဲ့ဇနီး ပိုင်ဆိုင်တဲ့ ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိ လက်ဝတ်ရတနာများနဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
Ko John

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ဇနီး ရို့စ်မာမန်ဆာကို ဝန်ကြီးချုပ်ဟောင်း အာဏာရှိစဥ်က ခွင့်ပြုပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန် စီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ လာဘ်စားမှုဖြင့် တရားရုံးကြားနာစစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရန် ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ဇနီးတို့ကို ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ နဂျစ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ လာဘ်စားမှုများဖြင့် တရားစွဲဆိုထားပါတယ်။ နဂျစ်တို့စုံတွဲရဲ့ အဂတိလိုက်စားမှုနဲ့ တခမ်းတနား အသုံးအဖြုန်းကြီးကြီး နေထိုင်ခဲ့ကြတဲ့ လူနေမှုပုံစံအပေါ် မလေးရှားပြည်သူများကြား ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။



လာဘ်စားမှု စုံစမ်းစစ်ဆေးမှုအရ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ရာမှာ နဂျစ်ရဲ့ဇနီး ရို့စ်မာ ပိုင်ဆိုင်တဲ့ ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိ လက်ဝတ်ရတနာများနဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။ ယနေ့မှာတော့ ရို့စ်မာရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုကို လက်ခံကြောင်းနဲ့ အမှုကို ဆက်လက်ဆောင်ရွက်ရန် လုံလောက်တဲ့ အကြောင်းပြချက်ရှိကြောင်း ကွာလာလမ်ပူ အထက်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

"ကျွန်ုပ်ရဲ့ တွေ့ရှိချက်အရ တရားစွဲဆိုမှုဟာ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိပါတယ်၊ ယခု စွပ်စွဲခံရသူကို တရားရုံးကြားနာစစ်ဆေးမှုမှာ ခုခံချေပ ထွက်ဆိုဖို့အတွက် ဆင့်ခေါ်ပါတယ်" လို့ တရားသူကြီး Mohamed Zaini Mazlan က ၎င်းရဲ့တရားရုံးအမိန့်ကို ဖတ်ကြားခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် ရို့စ်မာက ရုံးတော်မှာ ကျမ်းကျိန်ထွက်ဆိုမှာဖြစ်ကြောင်းနဲ့ ခုခံချေပမှုအတွင်း မျက်မြင်သက်သေခေါ်ယူမယ်လို့ တရားရုံးကို ပြောခဲ့ပါတယ်။

ရို့စ်မာဟာ တရားရုံးကို ခင်ပွန်းသည် ဝန်ကြီးချုပ်ဟောင်းနဂျစ်အတူ ယနေ့လာရောက်ခဲ့တာဖြစ်ပေမဲ့ နဂျစ်က တရားရုံးအမိန့် မချမှတ်မီမှာပင် ၎င်းရဲ့ တရားရုံးကြားနာစစ်ဆေးမှုကို တက်ရောက်ရန် ထွက်ခွာသွားခဲ့ကြောင်းလည်း သိရပါတယ်။ ရို့စ်မာဟာ Jepak Holdings ကုမ္ပဏီကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း လုပ်ကိုင်ခွင့်ရရှိရန် ကူညီပေးရာမှာ စုစုပေါင်း မလေးရှားရင်းဂစ် ၁၉၄ သန်း (အမေရိကန်ဒေါ်လာ ၄၈.၀၉ သန်း) လာဘ်ငွေ တောင်းခံခြင်းနဲ့ လက်ခံရယူခြင်း စွဲချက်သုံးခုဖြင့် တရားစွဲဆိုခံထားရပါတယ်။

(Photo:

အစိုးရရှေ့နေတွေရဲ့ စွပ်စွဲမှုအရ ရို့စ်မာဟာ ခင်ပွန်းဖြစ်သူနဂျစ်အတွက် နိုင်ငံရေးဆိုင်ရာလှူဒါန်းငွေ မလေးရှားရင်းဂစ် ၁၈၇ သန်းရရှိရန် စီစဥ်ပေးခဲ့ပြီး မလေးရှားရင်းဂစ် ၆.၅ သန်းကိုလည်း လာဘ်ငွေအဖြစ် လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ မလေးရှားဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာလည်း လာဘ်စားမှု၊ အာဏာအလွဲသုံးစားပြုမှု စွဲချက်များဖြင့် တရားစွဲခံထားရပြီး ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးလုံးကတော့ မည်သည့် အမှားမျှ ကျူးလွန်းထားခြင်းမရှိခဲ့ကြောင်းနဲ့ တရားစွဲဆိုမှုတွေဟာ နိုင်ငံရေးအရ လုပ်ဆောင်နေမှုတွေဖြစ်ကြောင်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က