ကာကွယ်ဆေး မဖြစ်မနေထိုးရန် အများပြည်သူကို ညွှန်ကြားထားပြီး လိုက်နာမှုရှိစေရန် ကြီးမားတဲ့ ဒဏ်ငွေပြစ်ဒဏ် သတ်မှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူတွေ အမေရိကန်ဒေါ်လာ ၃၅၆.၈၉ (မြန်မာကျပ်ငွေ ၄၈၀,၀၀၀ နီးပါး) ဒဏ်ငွေရိုက်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေရှိနေကြောင်း သိရပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားအစိုးရက COVID-19 ကာကွယ်ဆေးကို ဥပဒေစည်းမျဥ်းသစ်အရ မဖြစ်မနေထိုးရန် အများပြည်သူကို ညွှန်ကြားထားပြီး လိုက်နာမှုရှိစေရန် ပုံမှန်မဟုတ်ဘဲ ပြင်းထန်ကြီးမားတဲ့ ဒဏ်ငွေပြစ်ဒဏ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဂျကာတာ ဒုမြို့တော်ဝန် Ahmad Riza Patria ကတော့ မြို့အာဏာပိုင်တွေအနေနဲ့ စည်းမျဥ်းများအတိုင်း ဆောင်ရွက်မှာဖြစ်ပြီး ထိုသို့ အရေးယူမှုတွေက ဂျကာတာမှာ နောက်ဆုံး အားကိုးအားထားပြုစရာ အစီအမံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။



အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁.၂ သန်းကျော် စစ်ဆေးတွေ့ရှိခဲ့ရာမှာ လေးပုံတစ်ပုံခန့်က ဂျကာတာမြို့မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူ ၃၄,၀၀၀ နီးပါးရှိခဲ့ပါတယ်။ "ကာကွယ်ဆေးမထိုးဘူးလို့ ငြင်းဆန်ရင် အရေးယူဆောင်ရွက်မှု နှစ်ခုရှိပါတယ်၊ လူမှုအကူအညီ ရမှာမဟုတ်ပါဘူး၊ နောက်ပြီး ဒဏ်ငွေရိုက်မှာပါ" လို့ ဒုမြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ၎င်းရဲ့ လူဦးရေ သန်း ၂၇၀ အနက် ၁၈၁.၅ သန်းကို ၁၅ လအတွင်း COVID-19 ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရန် ရည်မှန်းထားကာ ပြီးခဲ့တဲ့လအတွင်း ကာကွယ်ဆေးထိုးမှုများ စတင်ခဲ့ပါတယ်။

ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူဟာ လူမှုအကူအညီ သို့မဟုတ် အစိုးရဝန်ဆောင်မှုများ ရရှိမှာမဟုတ်ခြင်း သို့မဟုတ် ဒဏ်ငွေရိုက်ခံရခြင်းဖြင့် အရေးယူခံရနိုင်ကြောင်း ယခုလအစောပိုင်းမှာ အင်ဒိုနီးရှားအစိုးရက သမ္မတအမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူသူကို ပြစ်ဒဏ်ချမှတ်ပြီး အရေးယူမှုကို ဒေသဆိုင်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဒေသဆိုင်ရာအစိုးရတွေက ဆုံးဖြတ်သွားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ 



က္က