အခြား ကမ္ဘာတစ်ဝန်းမှ မြို့တော်တွေထက် ပိုမိုများပြားခဲ့ကြောင်း လေ့လာမှုက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုက ယမန်နှစ်အတွင်း ခန့်မှန်းခြေ အရွယ်မတိုင်မီ သေဆုံးမှု ၅၄,၀၀၀ ဖြစ်စေခဲ့ကြောင်းနဲ့ အခြား ကမ္ဘာတစ်ဝန်းမှ မြို့တော်တွေထက် ပိုမိုများပြားခဲ့ကြောင်း ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအရ သိရှိရပါတယ်။

(Photo: Reuters)

အဆိုပါ လေ့လာမှုကို Greenpeace Southeast Asia Analysis နဲ့ ဆွစ်ဇာလန်ကုမ္ပဏီ IQAir တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု PM2.5 အညွှန်းကိန်း မြင့်မားနေခြင်းက ကင်ဆာနဲ့ နှလုံးရောဂါဆိုင်ရာ ပြဿနာများ အပါအဝင် သေဆုံးနိုင်တဲ့ရောဂါတွေကို ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ လေထုညစ်ညမ်းမှုဟာ လူတွေကို COVID-19 ကူးစက်ခံရမှု ပိုမိုဖြစ်စေခဲ့ကြောင်း လေ့လာမှုက ဆိုပါတယ်။



နယူးဒေလီမှာ ယမန်နှစ် နိုဝင်ဘာလအတွင်း PM2.5 အညွှန်းကိန်းဟာ အမြင့်ဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဘေးအန္တရာယ်ကင်းတဲ့ ကန့်သတ်အညွှန်းကိန်းထက် အဆ ၃၀ ပိုမြင့်မားနေခဲ့ကြောင်း လေ့လာမှုက ဖော်ပြပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ ၂၀၂၀ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုအရေအတွက်ကို ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဥ်ဖော်ပြခဲ့ခြင်း မရှိပါဘူး။ သို့သော် ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယမှာ အဆိပ်သင့်လေထုကြောင့် သေဆုံးမှု ၁.၆၇ သန်းရှိခဲ့တယ်လို့ Lancet ဆေးပညာက ဖော်ပြခဲ့ပါတယ်။ "လေထုညစ်ညမ်းမှုက ကင်ဆာနဲ့ လေဖြတ်ခြင်း၊ ပန်းနာရင်ကျပ်နဲ့ COVID-19 ရောဂါ ပိုမိုပြင်းထန်မှုကြောင့် သေဆုံးမှုဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်" လို့ Greenpeace India အဖွဲ့မှ Avinash Chanchal က ပြောပါတယ်။

ယမန်နှစ် အစောပိုင်းမှာ အိန္ဒိယအစိုးရက COVID-19 ကူးစက်မှုထိန်းချုပ်ရေး တစ်နိုင်ငံလုံးကို lockdown လုပ်ထားခဲ့စဥ် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု မရှိသလောက်နီးပါး ဖြစ်ခဲ့ပါတယ်။ သို့သော် အစိုးရက lockdown စီမံဆောင်ရွက်မှုအရ ကန့်သတ်ချက်တွေကို ယမန်နှစ် ဩဂုတ်လကုန်မှာ စတင်ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း နယူးဒေလီမှာ လေထုညစ်ညမ်းမှု ပြန်ဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

နယူးဒေလီမြို့ရဲ့ နှစ်အလိုက် PM2.5 အညွှန်းကိန်းအရ ၂၀၂၀ ခုနှစ်အတွင်းမှာ WHO ရဲ့ ဘေးအန္တရာယ်ကင်းတဲ့ ကန့်သတ်အညွှန်းကိန်းထက် ၆ ဆနီးပါး ပိုမြင့်နေခဲ့ကြောင်းလည်း Greenpeace Southeast Asia Analysis နဲ့ IQAir တို့ရဲ့ လေ့လာမှုက ပြောပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာလည်း ၂၀၂၀ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှု ၂၅,၀၀၀ ဝန်းကျင် ဖြစ်စေခဲ့တယ်လို့ လေ့လာမှုအရ သိရှိရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က