မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အလျင်အမြန် ပြန်လည်ဖော်ဆောင်ရေး အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျတို့က ဆွေးနွေးသဘောတူခဲ့ကြပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အလျင်အမြန် ပြန်လည်ဖော်ဆောင်ရေး အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတို့က ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်က Quad လို့ ခေါ်ဝေါ်ကြတဲ့ အဆိုပါ လေးနိုင်ငံ ဆွေးနွေးမှုကို ပထမဆုံးအကြိမ် ပါဝင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရတဲ့ အစိုးရတစ်ရပ် ပြန်လည်ဖွဲ့စည်းရေးနဲ့ ကျယ်ပြန့်တဲ့ဒေသတွင်း ဒီမိုကရေစီ ခိုင်မာအားကောင်းစေရေး ဦးစားပေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရအမျိုးသား နက်ဒ်ပရိုက်စ်က ပြောပါတယ်။



မြန်မာနိုင်ငံမှာ တပ်မတော်က ယမန်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေးရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းမှားယွင်းတဲ့ကိစ္စတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းမပေးခဲ့တာကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

တပ်မတော်က ပြောဆိုနေခဲ့တဲ့ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းမှားယွင်းတဲ့ကိစ္စကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားခဲ့ပါတယ်။ လက်ရှိမြန်မာအရေး ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ဆွေးနွေးခဲ့ကြရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် လျင်မြန်စွာ ပြန်လည်ဖော်ဆောင်ရမယ်လို့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျတို့နဲ့ သဘောတူညီခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောပါတယ်။

Toshimitsu Motegi က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne တို့နဲ့ ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက် ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ထိုအတောအတွင်း ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းပြီးနောက် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တပ်မတော်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ပါတယ်။

ဗြိတိန်နဲ့ ကနေဒါက ပိတ်ဆို့အရေးယူလိုက်တဲ့ တပ်မတော်ခေါင်းဆောင်တွေအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ ပါဝင်ပါတယ်။

၎င်းတို့ဟာ အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စာရင်းမှာပါဝင်သူတွေလည်း ဖြစ်ပါတယ်။ အမေရိကန်က မြန်မာတပ်မတော်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုလည်း အလားတူ ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ နေ့စဥ် အရှိန်မြင့်ပေါ်ပေါက်နေခဲ့ပြီး အစိုးရဝန်ထမ်းများကလည်း အလုပ်မဆင်းဘဲ Civil Disobedience Movement (CDM) လှုပ်ရှားမှုဖြင့် ဆန္ဒပြနေခဲ့ကြပါတယ်။


Author


က္က