တပ်မတော်အာဏာသိမ်းမှုကို မြို့ကြီးမြို့ငယ်တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေပါတယ်။
Ko John

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာတပ်မတော် အာဏာသိမ်းခေါင်းဆောင်တွေ ပြန်လွှတ်ရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောသွားမယ်လို့ သိရပါတယ်။

(Photo: ကျော်ဇင်မန်း)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တပ်မတော်ကို နောက်ပြန်ဆုတ်ရန်နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဥ်ကို လေးစားရန် ၎င်းရဲ့မိန့်ခွန်းမှာ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ အနည်းဆုံးသုံဦး သေဆုံးခဲ့ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ပြောကြားမှုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။



ဖေဖေါ်ဝါရီ ၁ ရက် တပ်မတော်အာဏာသိမ်းမှုကို မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ယနေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) အထိ ၁၇ ရက် ဆက်တိုက်ပေါ်ပေါက်နေခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်ခြင်းဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က ပြောပါတယ်။

(Photo: ကျော်ဇင်မန်း)

"ဒီမိုကရေစီကိုဖျက်ဆီးပြီး ဆန့်ကျင်ကန့်ကွက်မှုကို နှိပ်ကွပ်နေသူတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ကျွန်တော်တို့ စဥ်းစားသွားမှာပါ" လို့ ဝန်ကြီးက မြန်မာဆန္ဒပြသူများ ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် Twitter မှာ တုံ့ပြန်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကောင်းစွာမှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မတရားဖိနှိပ်မှုများ အခြေအနေ ပိုဆိုးလာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောကြားသွားမယ့် မိန့်ခွန်းတစ်ရပ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားသွားမယ်လို့ သိရပါတယ်။

(Photo: ကျော်ဇင်မန်း)

လူ့အခွင့်အရေးကောင်စီကို ပြောကြားမယ့်မိန့်ခွန်းမှာ ဒိုမီနစ်ရက်ဘ်က အကျပ်အတည်းဟာ ဘင်္ဂါလီနဲ့ အခြား လူနည်းစု တိုင်းရင်းသားတွေအတွက် အန္တရာယ်မြင့်တက်လာစေခဲ့ကြောင်း ထည့်သွင်းပြောမယ်လို့ ခန့်မှန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရန် တောင်းဆိုသွားမယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တစ်နှစ်လျှင် အစည်းအဝေးသုံးကြိမ် ပြုလုပ်လေ့ရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို ပြန်လည်သုံးသပ်ပါတယ်။ ထို့အတူ မြန်မာ၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ ဘူရွန်ဒီနဲ့ တောင်ဆူဒန် အပါအဝင် နိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖွဲ့စည်းကြောင်း သိရပါတယ်။

(Photo: ဆူးနစ် - NPT)

လူ့အခွင့်အရေးကောင်စီက လတ်တလော မြန်မာအရေး အထူးအစည်းအဝေးတစ်ရပ်ကိုတော့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ရာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရန်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက်မှုရှောင်ကြဥ်ရန် တောင်းဆိုခဲ့ပါတယ်။


Author


က္က