ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီချက်အရ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Ko John

ဥရောပကောင်စီက မြန်မာအရေးနဲ့ ပတ်သက်ပြီး အချက် ၈ ချက်ပါ သုံးသပ်ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီချက်အရ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ ဥရောပကောင်စီအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး စကားရပ်များဖြင့် ရှုတ်ချကြောင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ချက်ချင်းရုပ်သိမ်းခြင်း၊ တရားဝင်ဖြစ်တဲ့ အရပ်သားအစိုးရ ပြန်ရှိစေခြင်းနဲ့ ရွေးကောက်ခံလွှတ်တော်သစ် စတင်ခြင်းတို့ကနေ လက်ရှိ အကျပ်အတည်းရဲ့ တင်းမာမှုကို လျှော့ချရန် ဥရောပသမဂ္ဂက တောင်းဆိုကြောင်း သုံးသပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ဒါ့အပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမိုကကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်တွေကို လေးစားရမယ်လို့လည်း ဥရောပကောင်စီက ပြောထားပါတယ်။ စစ်တပ်အနေနဲ့ ၎င်းရဲ့လုပ်ရပ်ကို စွန့်လွှတ်ရမယ်လို့ သုံးသပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အတူ စစ်တပ်အာဏာပိုင်တွေ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူ အားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်လည်း ဥရောပသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဆက်သွယ်ရေးစနစ်များ ပိတ်ပင်ကန့်သတ်ခြင်း မပြုရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင်ရှိရန်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်ရှိရန်၊ တရားဥပဒေစိုးမိုးရန်နဲ့ လူ့အခွင့်အရေးများကို လေးစားရန်လည်း ဥရောပကောင်စီရဲ့ သုံးသပ်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အာဏာပိုင်များအနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်သည်သာမက အားလုံးဟာ အကြမ်းဖက်မှုကို ရှောင်ရှားသင့်ကြောင်း ဥရောသမဂ္ဂကဆိုပါတယ်။

ဥရောသမဂ္ဂက အခြေအနေကို ဖြေရှင်းရန် အဓိကျတဲ့ သက်ဆိုင်သူများ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုကို အားပေးရန်အသင့်ရှိကြောင်းလည်း ပြောပါတယ်။ ဥရောသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအတွက် တိုက်ရိုက် တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် အသင့်ရှိကြောင်း ဥရောပကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပင် ဥရောသမဂ္ဂက အခြေအနေ ပြောင်းလဲဖြစ်ပေါ်မှုအရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ မူဝါဒနဲ့ ကုန်သွယ်မှုဆိုင်ရာ ဦးစားပေးမှုတို့ အပါအဝင် ၎င်းရဲ့ မူဝါဒများကို ဆက်လက် သုံးသပ်နေမယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်လက်ပေးသွားမှာဖြစ်ပြီး မြန်မာပြည်သူလူထုကို ထိခိုက်စေမယ့် ပိတ်ဆို့အရေးယူမှုများ ရှောင်ရှားရန် ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

.


Author


က္က