ဆန္ဒပြ မြန်မာပြည်သူလူထုက ရွေးကောက်ခံအစိုးရ ချက်ချင်း ပြန်ရှိလာရန် လိုလားကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအကူအပြောင်းဟာ ပြည်သူလူထုရဲ့ဆန္ဒများကို လေးစားလိုက်နာ ဆောင်ရွက်သင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

မြန်မာမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားအစိုးရထံမှ အာဏာသိမ်းမှုကို တုံ့ပြန်ဆောင်ရွက်ရန် အစီအစဥ်အဖြစ် တပ်မတော်အနေနဲ့ ၎င်းတို့ ကတိကဝတ်အတိုင်း လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှု သေချာစေရန် စောင့်ကြည်သူများ စေလွှတ်သွားရန် အင်ဒိုနီးရှားက အာဆီယံ (Association of Southeast Asian Nations - ASEAN) အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးတိုက်တွန်းနေကြောင်း Reuters သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။



ထိုသတင်းအပေါ် မြန်မာနိုင်ငံမှ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများစွာက ဒေါသတကြီး တုံ့ပြန်မှုတွေ ရှိလာခဲ့ပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်ပြုမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြ မြန်မာပြည်သူလူထုက ရွေးကောက်ခံအစိုးရ ချက်ချင်း ပြန်ရှိလာရန် လိုလားကြပါတယ်။

Reuters သတင်းထွက်ပေါ်လာပြီးနောက် ပြည်သူအချို့က မြန်မာနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးမှာ ဆန္ဒပြရန် ဆိုရှယ်မီဒီယာပေါ်မှာ တိုက်တွန်းခဲ့ကြပါတယ်။ "ဒီမိုကရေစီအကူးအပြောင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒများအတိုင်း ဆောင်ရွက်သင့်ပါတယ်၊ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပြီး မြန်မာပြည်သူတွေကို အားပေးထောက်ခံပါတယ်၊ မြန်မာပြည်သူတွေ ကောင်းမွန်းတဲ့နေထိုင်မှုနဲ့ ဘေးအန္တရာယ်ကင်းဖို့က နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။

မြန်မာမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သွေးထွက်သံယိုဖြစ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန်လည်း သူမက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို လေးစားရန် အင်ဒိုနီးရှားက လိုလားခြင်းရှိ မရှိ မေးမြန်းမှုကိုတော့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။

သို့သော် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ခဲ့စဥ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ပြုခဲ့ကြောင်း Reuters က ဖော်ပြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က Reuters သတင်းမှာ ဖော်ပြထားတဲ့ အင်ဒိုနီးရှားရဲ့ မြန်မာအရေး အစီအစဥ်ကို မှတ်ချက်ပေးရန်လည်း ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa ကတော့ အင်ဒိုနီးရှားက အဆိုပြုထားတဲ့ မြန်မာအရေး အာဆီယံအစီအစဥ်ဟာ မဖြစ်နိုင်ကြေင်း CNA သတင်းဌာနကို သုံးသပ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးသိရှိရတဲ့ သတင်းအရ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ်များ ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက ပြောကြားကြောင်း Reuters သတင်းဌာနရဲ့ အရှေ့တောင်အာရှဆိုင်ရာ အယ်ဒီတာ Matthew Tostevin က ၎င်းရဲ့ Twitter မှာ ယနေ့ မွန်းလွဲပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။

.



က္က