တပ်မတော်နဲ့ ၎င်းရဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့အရေးယူသွားဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာတပ်မတော်ကို အာဏာသိမ်သိမ်းမှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ သဘောတူညီခဲ့ကြကြောင်း ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်တစ်ဦးက ပြောပါတယ်။

မြန်မာတပ်မတော်ကို ယခုလအတွင်း ၎င်းရဲ့ အာဏာသိမ်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုများနဲ့ ဖိအားပေးသွားမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီအချို့ကိုလည်း ဆိုင်းငံ့သွားမယ်လို့ ၎င်းကဆိုပါတယ်။ "အာဏာသိမ်းမှုအတွက် တာဝန်ရှိတဲ့ တပ်မတော်နဲ့ ၎င်းရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လုပ်ဆောင်သွားဖို့ နိုင်ငံရေးသဘောတူညီချက် ရရှိခဲ့ပါတယ်" လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောခဲ့ပါတယ်။



"အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဥ်တွေအတွက် ကျွန်တော်တို့ရဲ့ တိုက်ရိုက် ဘဏ္ဍာရေးအထောက်အပံ့ အားလုံးကို ဆိုင်းငံ့ထားပါတယ်" လို့ ၎င်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနဲ့ အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြသူ ရာနဲ့ချီ ဖမ်းဆီးခဲ့ရာ နိုင်ငံတကာမှ ရှုတ်ချမှုများရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းမှုများလည်းရှိလာခဲ့ရာ အနည်းဆုံး လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာတပ်မတော်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လုပ်ဆောင်မှာဖြစ်ပေမဲ့ ကုန်သွယ်မှုတွေကို ထိန်းချုပ်ဖြတ်တောက်သွားမှာ မဟုတ်ဘဲ မြန်မာပြည်သူလူထုကို ထိခိုက်မှုမရှိစေနိုင်ဘူးလို့ ဆိုပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာတပ်မတော်အပြင် ရုရှားအစိုးရကိုလည်း အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောင်ချခဲ့မှုအတွက် ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။



က္က