အမေရိကန်နဲ့ ကုလသမဂ္ဂက ဝေဖန်ခဲ့ကြပြီး လူ့အခွင့်အရေးအုပ်စုတွေက တရားရုံးမှာ အရေးဆိုခဲ့ကြပါတယ်။

မလေးရှားနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ ၁,၂၀၀ ကို နေရပ်ပြန်ပို့မယ့် အငြင်းပွားဖွယ်အစီအစဥ်အား တရားရုံးက ယာယီဆိုင်းငံ့ထားရန် အမိန့်ထုတ် ညွှန်ကြားထားခဲ့ပေမဲ့ ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှာ ၁,၀၈၆ ဦးကို မြန်မာစစ်သင်္ဘောများဖြင့် ပြန်ပို့လိုက်ရာ လူ့အခွင့်အရေးအုပ်စုများက အပြင်းအထန် ဝေဖန်မှုများရှိလာခဲ့ပါတယ်။

(Photo: Reuters)

ဥပဒေကြောင်းအရ နောက်ဆုံးအရေးဆိုမှုတစ်ခုရှိခဲ့ပြီးနောက် မြန်မာတပ်မတော်က အာဏာသိမ်းခဲ့ပြီး သီတင်းသုံးပတ်ကျော်အကြာမှာ ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်ပို့မယ့်အစီအစဥ်ကို မလေးရှားတရားရုံးက ဆိုင်းငံ့ထားရန် ယနေ့ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် မြန်မာ ၁,၀၈၆ ဦးကို အသင့်စောင့်ဆိုင်းနေတဲ့ စစ်သင်္ဘောများဖြင့် ပြန်ပို့လိုက်ပြီလို့ AFP သတင်းက ဖော်ပြပါတယ်။



လူနည်းစုမျိုးနွယ်များ အပါအဝင် မလေးရှားက ထိန်းသိမ်းထားခဲ့တဲ့ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူတွေကို ဘတ်စ်ကားနဲ့ ထရပ်ကားများဖြင့် မလေးရှားအနောက်ဘက်ကမ်းရိုးတန်ရှိ စစ်တပ်အခြေစိုက်စခန်းသို့ ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အသင့်စောင့်ဆိုင်းနေတဲ့ မြန်မာရေတပ်သင်္ဘောများပေါ်သို့ ပို့ဆောင်ပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အမေရိကန်နဲ့ ကုလသမဂ္ဂက မလေးရှားရဲ့ ထိုအစီအစဥ်ကို ‌ဝေဖန်ခဲ့ကြပြီး လူ့အခွင့်အရေးအုပ်စုတွေက ပြန်လည်ပို့ဆောင်ခံရမယ့်သူတွေထဲမှာ ခိုလှုံခွင့်ရရန် ကြိုးပမ်းသူများပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေဖြစ်တဲ့ Amnesty International နဲ့ Asylum Access တို့က မလေးရှားတရားရုံးတစ်ရုံးသို့ ထိုအစီအစဥ်ကို ရပ်ဆိုင်းပေးရန် အရေးဆိုလျှောက်ထားခဲ့ကြပါတယ်။ နိုင်ငံကိုပြန်ရောက်ပါက အန္တရာယ်ရှိနိုင်တဲ့ အားနည်းသူတွေကို ပြန်ပို့ခြင်းဖြင့် ၎င်းရဲ့ နိုင်ငံတကာတာဝန်များကို ချိုးဖောက်လိမ့်မယ်လို့ ၎င်းတို့က စောဒကတက်ခဲ့ကြပါတယ်။

(Photo: AFP)

ထို့နောက် ကွာလာလမ်ပူ အထက်တရားရုံးက မြန်မာများကို ပြန်ပို့မယ့်အစီအစဥ်အား ဆိုင်းငံ့ထားရန်နဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) မှာ လူ့အခွင့်အရေးအုပ်စုတွေက ထိုအစီအစဥ်ရပ်ဆိုင်းရန် တရားရုံးတော်သို့ လျှောက်ထားကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမယ်လို့ Amnesty International နဲ့ Asylum Access တို့ရဲ့ ရှေ့နေ New Sin Yew က AFP ကို အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း မလေးရှားက ကနဦး ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ထိန်းသိမ်းထားသူတွေကို ပြန်လည်ခေါ်ဆောင်ရန် မြန်မာတပ်မတော်ဘက်က စစ်သင်္ဘောများများ စေလွှတ်မယ်လို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။ 



က္က