ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး တပ်မတော်က ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ထပ်မံထည့်သွင်းလိုက်ကြောင်း အမေရိကန်နိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ရဲ့ အမေရိကန်ပိုင်ဆိုင်မှုမှန်သမျှကို ရယူနိုင်ခြင်းမရှိရန် ပိတ်ပင်ခြင်းနဲ့ အမေရိကန်သို့ ဝင်ရောက်ခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။



"တပ်မတော်အနေနဲ့ ၎င်းရဲ့လုပ်ရပ်တွေကို နောက်ကြောင်းပြန်လှည့်ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အလျင်အမြန် ပြန်ရှိရမှာပါ၊ ဒီလိုမဟုတ်ရင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နောက်ထပ် အရေးယူမှုတွေလုပ်ဖို့ တွန့်ဆုတ်လိမ့်မှာမဟုတ်ပါဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(Photo: AFP)

"အကြမ်းဖက်ကျူးလွန်သူတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို ဖိနှိပ်သူတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ကျွန်ုပ်တို့ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး၊ မြန်မာပြည်သူလူထုအတွက် ကျွန်ုပ်တို့ရဲ့ အားပေးထောက်ခံမှုက ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်က ပြောခဲ့ပါတယ်။

"တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်မှုအားလုံး ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ချက်ချင်းပြန်လွှတ်ရန်၊ ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်တိုက်ခိုက်နေမှုတွေ ရပ်တန့်ရန်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးရန် ကျွန်ုပ်တို့ တောင်းဆိုကြောင်း" အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။

ဥရောပသမဂ္ဂကလည်း မြန်မာတပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်က စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ကြေညာချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာတပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၉ ဦးနဲ့ ဒုတိယသမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီးမြင့်ဆွေတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခဲ့ပါတယ်။



က္က