မြန်မာအမျိုးသမီး အိမ်အကူဟာ ၂၀၁၆ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါတယ်။
Ko John

မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားကို အစာရေစာအငတ်ထားခြင်း၊ ညှဥ်းပန်နှိပ်စက်ခြင်းနဲ့ နောက်ဆုံးမှာ သတ်ခဲ့ကြောင်း စင်ကာပူရဲအရာရှိရဲ့ ဇနီးဖြစ်သူက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

(သေဆုံးခဲ့သည့် မြန်မာအိမ်အကူ) (Photo: Helping Hands for Migrant Workers, Singapore)

မြန်မာအမျိုးသမီး အိမ်အကူအလုပ်သမားဟာ ၂၀၁၆ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲစဥ် သူမရဲ့ ကိုယ်အလေးချိန်ဟာ ၅၃ ပေါင်မျှသာရှိတော့တာ ဖြစ်ပါတယ်။ ရဲအရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ Gaiyathiri Murugayan ရဲ့ လုပ်ရပ်တွေဟာ ယုတ်ညံ့ပြီး လုံးဝ လူမဆန်ကြောင်း အစိုးရရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။



ယခုအမှုဟာ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူမှာ လတ်တလော နှစ်များအတွင်း လူသိများတဲ့ အိမ်အကူနှိပ်စက်ခံရတဲ့ အမှုတွေအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှာတော့ အသက် ၄၀ နှစ်အရွယ် Gaiyathiri Murugayan က မြန်မာအမျိုးသမီး အိမ်အကူကို သတ်မှုအတွက် အပြစ်မကင်းကြောင်း အပါအဝင် စွဲချက် ၂၈ ခုကို ဝန်ခံခဲ့ကြောင်း သိရပါတယ်။

(အိမ်ရှင် Gaiyathiri Murugayan) (Photo: Lianhe Wanbao)

အကယ်၍ တရားရုံးက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်စီရင်ခဲ့ပါက သူမဟာ ထောင်ဒဏ်တစ်သက် ကျခံရနိုင်ပါတယ်။ မြန်မာအမျိုးသမီး အိမ်အကူဟာ Gaiyathiri Murugayan ရဲ့ အိမ်မှာ ၂၀၁၅ ခုနှစ်အတွင်း စတင်အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအလုပ်ဟာ သူမအတွက် ပထမဆုံး ပြည်ပမှာ လာရောက်လုပ်ကိုင်ခဲ့တဲ့အလုပ်လည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှစပြီး အိမ်ရှင် Gaiyathiri Murugayan က သူမကို အလုပ်လုပ်ရာမှာ နှေးကွေးကြောင်း၊ ညစ်ပတ်ကြောင်းနဲ့ အစားအလွန်စားကြောင်းပြောဆိုကာ နှိပ်စက်ခဲ့တယ်လို့ စင်ကာပူမီဒီယာက တရားရုံး ကြားနာစစ်ဆေးမှုကို ကိုကားဖော်ပြပါတယ်။ ယခုဖြစ်ရပ်ကြောင့် လူ့အခွင့်အရေးအုပ်စုတွေက စင်ကာပူမှာ ပြည်ပမှ အိမ်အကူအလုပ်သမားများ မည်သို့ ပြုမူဆက်ဆံခံနေကြရကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

(Gaiyathiri Murugayan နဲ့ သူမ၏မိခင်တို့ကို ဖမ်းဆီးထားစဥ်) (Photo: Lianhe Wanbao)

စင်ကာပူမှာ အိမ်အကူအဖြစ် လာရောက်အလုပ်လုပ်ကိုင်သူ အများအပြားဟာ အာရှဒေသတွင်း အိမ်နီးချင်း နိုင်ငံများမှဖြစ်တယ်လို့ ဆိုပါတယ်။ Gaiyathiri Murugayan ရဲ့ အိမ်မှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းအရ မြန်မာအိမ်အကူဟာ သူမ အသက်ရှင်လျက်ရှိခဲ့တဲ့ နောက်ဆုံးလထဲမှာ နှိပ်စက်ခံခဲ့ရကြောင်း တွေ့ခဲ့ရပြီး တစ်ခါတရံ တစ်ရက်တည်းမှာပင် အကြိမ်အများအပြား နှိပ်စက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Gaiyathiri Murugayan ဟာ မြန်မာအမျိုးသမီး အိမ်အကူကို မီးပူနဲ့ကပ်ပြီး ကြောင်တစ်ကောင်ပမာ ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ အိမ်အကူကို မကြာခဏ ပေါင်မုန့်ရေစိမ်၊ ရေခဲသေတ္တာထဲမှ အေးခဲအစားအစာ သို့မဟုတ် ထမင်းအနည်းငယ်သာ ကျွေးလေ့ရှိတယ်လို့ ဆိုပါတယ်။ အိမ်အကူဟာ ၁၄ လအတွင်း သူမရဲ့ ကိုယ်အလေးချိန် ၃၈ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပါတယ်။

(Photo: Nisha Karyn/MediaCorp)

အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီး အိမ်အကူဟာ Gaiyathiri Murugayan နဲ့ ၎င်းရဲ့မိခင်တို့က အကြိမ်ကြိမ် ကိုယ်ထိလက်ရောက်တိုက်ခိုက် နှိပ်စက်ခံရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း သေဆုံးခဲ့ပါတယ်။ သူမရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးမှုအရ ဦးနှောက်တွင်း အောက်စီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ အစိုးရရှေ့နေတွက Gaiyathiri Murugayan ကို ထောင်ဒဏ်တစ်သက်ချမှတ်ရန် အဆိုပြုထားခဲ့ကြပြီး တရားခံရှေ့နေတွေကတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် စောဒကတက်ခဲ့ကြပါတယ်။

ထိုအမှုဖြစ်ပွားစဥ်က Gaiyathiri Murugayan ဟာ စိတ်ကျရောဂါခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။ အမှုနဲ့ပတ်သက်ပြီး Gaiyathiri Murugayan ရဲ့ ခင်ပွန်း ရဲအရာရှိ Kelvin Chelvam နဲ့ သူမရဲ့မိခင်တို့ကိုလည်း စွဲချက်များတင်ထားခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူသတင်းတွေအရ ရဲအရာရှိ Kelvin Chelvam ကို ၂၀၁၆ ခုနှစ်မှာ ရဲတပ်ဖွဲ့က တာဝန်မှဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က