ဖေဖေါ်ဝါရီ ၂၆ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာတပ်မတော်ကို လိုအပ်တဲ့နည်းလမ်းများသုံးပြီး အရေးယူရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။
(Photo: YouTube video screengrab/UN)
ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ အထွေထွေညီလာခံမှာ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာတပ်မတော် အာဏာသိမ်းအစိုးရကို မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုသင့် သို့မဟုတ် တရားဝင်ကြောင်း လက်မခံသင့်ဘူးလို့ သတိပေးခဲ့ပြီးနောက် ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေတာ ရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူလူထုထံပြန်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ် အပြင်းထန်ဆုံး ဖြစ်နိုင်သမျှ အရေးယူမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
(မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း) (Photo: YouTube video screengrab/UN)
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောကြားမှုကို အနောက်အုပ်စုနဲ့ အစ္စလာမ်မစ် မဟာမိတ်များက လက်ခုပ်တီးပြီး ချီးမွှမ်းခဲ့ကြပါတယ်။ ဦးကျော်မိုးထွန်းက အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရကိုသာ ကိုယ်စားပြုပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေတာ ရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူလူထုထံပြန်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ် အပြင်းထန်ဆုံး ဖြစ်နိုင်သမျှ အရေးယူမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် တပ်မတော်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (National League for Democracy - NLD) ပါတီဝင် အများအပြားနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းအမှားအယွင်းများရှိခဲ့ကြောင်း တပ်မတော်က ပြောဆိုထားခဲ့ပါတယ်။ တပ်မတော်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီး လူဦးရေ သိန်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် အစိုးရဝန်ထမ်းများကလည်း Civil Disobedience Movement (CDM) မှာ ပါဝင်ခဲ့ကြပြီး အမိန့်ဖီဆန်ကာ လုပ်ငန်းခွင်မဝင်ဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) အထိလည်း မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ ပြည်သူလူထုက တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး ရဲတပ်ဖွဲ့က ဖြိုးခွင်းဖမ်းဆီးမှုအတွင်း သေဆုံးမှု၊ ဒဏ်ရာရမှုနဲ့ ဖမ်းဆီးခံရမှုများ ရှိခဲ့ပါတယ်။
.