Janssen ကာကွယ်ဆေးဟာ အမေရိကန်မှာ တရားဝင် ခွင့်ပြုချက်ရရှိခဲ့တဲ့ တတိယမြောက် ကိုဗစ်ကာကွယ်ဆေးဖြစ်လာပါတယ်။

အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့အစည်း (FDA - Food and Drug Administration) က တစ်ကြိမ်တည်းထိုးရတဲ့ Johnson & Johnson (J&J) ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ တရားဝင် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

(Photo: Getty Images)

J&J ရဲ့ Janssen ကာကွယ်ဆေးဟာ အမေရိကန်မှာ တရားဝင် ခွင့်ပြုချက်ရရှိခဲ့တဲ့ တတိယမြောက် COVID-19 ကာကွယ်ဆေးဖြစ်လာခဲ့ပါတယ်။ Janssen ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပါအဝင် COVID-19 ရောဂါပြင်းထန်မှုကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ကြောင်း FDA မှ ကျွမ်းကျင်သူတွေက တရားဝင် ခွင့်ပြုချက်မပေးမီ ပြောထားခဲ့ပါတယ်။



"ဒီကာကွယ်ဆေးကို တရားဝင် ခွင့်ပြုချက်ပေးလိုက်ခြင်းက ကာကွယ်ဆေးရရှိနိုင်မှု ပိုမိုကျယ်ပြန့်လာစေမှာပါ၊ ကာကွယ်ဆေးတွေက COVID-19 ကို ကာကွယ်ဖို့ ဆေးပညာအရ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ဒီကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကျွန်မတို့ကို အကူအညီဖြစ်စေဖို့ပါ" FDA ယာယီညွှန်ကြားရေးမှူး Janet Woodcock က ပြောပါတယ်။

(Photo: Mikos)

Janssen ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတွေမှာ အသုံးပြုရန် FDA က တရားဝင် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ J&J ရဲ့ တစ်ကြိမ်တည်းထိုးရတဲ့ Janssen ကာကွယ်ဆေးဟာ အမေရိကန်မှာ ပြင်းထန်တဲ့ရောဂါကို ၈၅.၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး တောင်အာဖရိကမှာ ၈၁.၇ ရာခိုင်နှုန်းနဲ့ ဘရာဇီးမှာ ၈၇.၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

ထိုနိုင်ငံသုံးခုလုံးမှာ ပါဝင်စမ်းသပ်ခံသူအားလုံးကို ခြုံငုံလေ့လာမှုအရ J&J ကာကွယ်ဆေးက COVID-19 ကို ၆၆.၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၉ သန်းကျော်နဲ့ သေဆုံးသူ ၅၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ ယခုအချိန်အထိ ကမ္ဘာ့လူဦးရေ ၁၁၄ သန်းကျော်ကို ကူးစက်ခဲ့ပြီး ၂.၅ သန်း သေဆုံးခဲ့ကြောင်း သိရပါတယ်



က္က