ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ညီလာခံမှာ ထရန့်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ရီပတ်ဘလစ်ကင်ပါတီ မဲကွဲလိမ့်မယ့် ပါတီသစ်တစ်ခုတည်ထောင်ရန် အစီအစဥ်မရှိကြောင်း ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) က ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ညီလာခံမှာ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောခဲ့ပါတယ်။

(ကွန်ဆာဗေးတစ်ညီလာခံအတွက် ပြင်ဆင်နေစဥ်) (Photo: Getty Images)

ယမန်နေ့က မိန့်ခွန်းပြောကြားမှုဟာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက်ပိုင်း ထရန့်ရဲ့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှု ဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ထရန့်က လာမယ့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖွယ်ရှိကြောင်းလည်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ ၎င်းရဲ့မိန့်ခွန်းအတွင်း လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို ထရန့် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အမေရိကန်ရဲ့ မူဝါဒဟာ "အမေရိက ပထမမှ အမေရိက နောက်ဆုံး" ဖြစ်သွားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။



(Photo: Reuters)

ထရန့်ဟာ စွပ်စွဲပြစ်တင်ကြောင်း ကြားနာစစ်ဆေးမှုကနေ လွတ်မြောက်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ညီလာခံ (Conservative Political Action Conference - CPAC) မှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) မှာ စတင်ခဲ့တဲ့ အဆိုပါ ညီလာခံဟာ ထရန့်ကို ထောက်ခံတဲ့ ညီလာခံဖြစ်ပြီး ၎င်းကိုသစ္စာခံသူ တက္ကဆက်ပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ် တက်ခရုဇ်နဲ့ ထရန့်ရဲ့သားဖြစ်သူ ဒေါ်နယ်ထရန့်ဂျူနီယာတို့ကလည်း မိန့်ခွန်းပြောကြားသူတွေထဲမှာ ပါဝင်ပါတယ်။

(ထရန့်ကို ထောက်ခံသူများ) (Photo: Reuters)

အမေရိကန်သမ္မတဟောင်း ထရန့်ကို Facebook နဲ့ Twitter အပါအဝင် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွေက ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းခံရမှုနဲ့ ဆက်စပ်ပြီး လက်ရှိအချိန်အထိ အသုံးပြုခွင့်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ထရန့်ဟာ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ဖလော်ရီဒါပြည်နယ်ရှိ ၎င်းရဲ့ Mar-a-Lago အပန်းဖြေစံအိမ်မှာ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က