အမေရိကန်က လာမယ့် ရက်များအတွင်း ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ တပ်မတော်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေကို အမေရိကန်က လာမယ့် ရက်များအတွင်း ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားရန် ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။

"အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတစ်ဝန်းက မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့ ကျွန်တော်တို့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားပါမယ်" လို့ ဂျိတ်ဆူလီဗန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ "ဒီနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖမ်မှုနဲ့ လက်ရှိ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်၊ လာမယ့် ရက်တွေထဲမှာ ဒါကို ထုတ်ပြန်သွားပါမယ်" လို့လည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။



မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အမေရိကန်အစိုးရက မြန်မာတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထိုအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို စက်ဆုပ်ရွံရှာစရာ အကြမ်းဖက်မှုဖြစ်ကြောင်း ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) က ပြောဆိုခဲ့ပြီး ရှုတ်ချခဲ့ကြပါတယ်။

"ကျွန်တော်တို့ သတ္တိရှိတဲ့ မြန်မာပြည်သူလူထုနဲ့အတူ အခိုင်အမာ ရပ်တည်ပါတယ်၊ သူတို့ရဲ့ဆန္ဒကို အားပေးထောက်ခံမှုမှာ တစ်သံတည်းထွက်ကြဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်" လို့ အန်တိုနီဘလင့်ကင်က Twitter မှာ ပြောခဲ့ပါတယ်။ အမေရိကန်က တာဝန်ရှိသူတွေ တာဝန်ခံမှုကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ ဖေဖေါ်ဝါရီလဆန်းပိုင်းကတည်းက ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။ ယမန်နေ့ကလည်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက လက်ခံရရှိခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်အရ သိရှိရတယ်လို့ Reuters သတင်းက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ ယမန်နေ့က အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရေးသားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ မြန်မာပြည်သူလူထု အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဖိနှိပ်မှုရပ်တန့်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ကြရန် ကုလသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် တပ်မတော်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်နေခဲ့ပြီး ပြည်သူလူထုက နေ့စဥ် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေရှိနေခဲ့ပါတယ်။ ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူအများအပြား သေဆုံးခဲ့ပေမဲ့ ယနေ့ (မတ်လ ၁ ရက်) မှာလည်း လူငယ်များဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ကြောင်း သိရပါတယ်။

.


Author

  • Ko John

    Editorial Advisor at Duwun


က္က