မြန်မာအရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအ‌ဝေးကို မတ် ၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
Ko John

အရပ်သားတွေအပေါ် သေစေလောက်တဲ့ အင်အားသုံးမှု ရပ်တန့်ရန်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ထိန်းသိမ်းခံနိုင်ငံရေးသမားများ ချက်ချင်းပြန်လွှတ်ရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလက်ခ်ရစ်ရှ်နန်က မြန်မာတပ်မတော်ကို ယနေ့ (မတ် ၁ ရက်) တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ စင်ကာပူနဲ့ အာဆီယံ (Association of Southeast Asian Nations - ASEAN) အတွက် အလွန်စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ ဗီဗီယန်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ရေးကော်မတီ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။



"ချက်ချင်း ဦးစားပေးလုပ်ဆောင်ရမှာက အကြမ်းဖက်လုပ်ရပ် အားလုံးနဲ့ သေစေလောက်တဲ့ အင်အားသုံးမှု ရပ်တန့်ဖို့နဲ့ အလျင်အမြန် ယိုယွင်းပျက်စီးနေတဲ့ အခြေအနေကနေ နောက်ပြန်ဆုတ်ဖို့ ဖြစ်ပါတယ်" လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ပြောပါတယ်။ ၎င်းက မြန်မာနိုင်ငံတစ်ဝန်း မြို့တွေမှာ ယမန်နေ့က အကြမ်းဖက်မှု သိသာထင်ရှားစွာ မြင့်တက်ဖြစ်ပွားခဲ့ကြောင်းကို ထောက်ပြခဲ့ပါတယ်။

"လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေကို ကျည်ဆန်အစစ်တွေ၊ ရာဘာကျည်ဆန်တွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ခဲ့တယ်၊ အများအပြား သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တယ်၊ အရပ်သားတွေအပေါ် သေစေလောက်တဲ့ အင်အားသုံးမှုကို ကျွန်တော်တို့ စိတ်ပျက်ပါတယ်၊ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းရပါတယ်" လို့လည်း " လို့ ဗီဗီယန်က ပြောပါတယ်။

ဒါ့အပြင် "လက်နက်မဲ့ အရပ်သားတွေအပေါ် သေစေလောက်တဲ့ လက်နက်တွေ အသုံးပြုမှုဟာ အခြေအနေအားလုံးမှာ ခွင့်လွှတ်နိုင်စရာမရှိကြောင်း" လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ "အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ သေစေလောက်တဲ့ အင်အားသုံးမှု ရပ်တန်ဖို့နဲ့ နောက်ထပ် သွေးထွက်သံယိုဖြစ်မှု၊ အကြမ်းဖက်မှုနဲ့ သေဆုံးမှု ကာကွယ်တားဆီးနိုင်ရေး အခြေအနေကို လျှော့ချဖို့ ချက်ချင်းလုပ်ဆောင်ရန် ကျွန်တော်တို့ မြန်မာတပ်မတော်ကို တောင်းဆိုပါတယ်" လို့ ဗီဗီယန်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု ကာလရှည်ကြာခြင်းက နိုင်ငံအတွက်၊ အာဆီယံနဲ့ ဒေသတစ်ဝန်း ဆိုးကျိုးများရှိလာမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ မြန်မာရဲ့ လက်ရှိအခြေအနေကို သက်ဆိုင်သူအားလုံးက ညှိနှိုင်းဆွေးနွေးကြရန်လည်း ၎င်းက တောင်းဆိုလိုက်ပါတယ်။

"ညှိနှိုင်းဆွေးနွေးမှုဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးသမားတွေကို ချက်ချင်း ပြန်လွှတ်ခြင်းဖြင့်သာ စတင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ပြောကြားပါတယ်။ မြန်မာအရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို မနက်ဖြန် (မတ် ၂ ရက်) မှာ videoconference မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာတပ်မတော်ကို ကိုယ်စားပြုသူထံမှ ပြောကြားချက်ကို နားထောင်ရန်ဖြစ်ကြောင်း သိရပါတယ်။

.


Author

  • Ko John

    Editorial Advisor at Duwun


က္က