ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီခေါင်းဆောင်ပိုင်း အများအပြားကို ဖမ်းဆီးစွဲချက်တင်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ စင်ကာပူဝန်ကြီးချုပင်က ဆိုပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို စစ်တပ်ရဲ့ သေစေလောက်တဲ့ အင်အားသုံးမှုဟာ ဆိုးရွားတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ပါတယ်။

(Photo: CNA)

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အတည်ပြုခဲ့ပါတယ်။



"အရပ်သားတွေနဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို သေစေလောက်တဲ့ အင်အားအသုံးပြုမှုက လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ စင်ကာပူဝန်ကြီးချုပ်က ယနေ့ (မတ် ၂ ရက်) ပြုလုပ်ခဲ့တဲ့ BBC သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ "ဒါက နိုင်ငံတကာမှာတင်မဟုတ်ဘဲ ပြည်တွင်းမှာလည်း ဆိုးရွားတဲ့လုပ်ရပ်ပါ၊ ဘာကြောင့်လဲဆိုတော့ မြန်မာမှာရှိတဲ့ အရပ်သားတွေ၊ လူတိုင်းက ဒါကို သိကြလို့ပါ" လို့ ၎င်းကဆိုပါတယ်။

"အင်တာနက်ကို ထိန်းချုပ်ထားနိုင်မယ်၊ ဒါပေမဲ့ သတင်းတွေကရရှိနေတာပဲ၊ မြန်မာတွေက ဘယ်သူဟာ သူတို့ဘက်မှာရှိလဲဆိုတာ သိကြတယ်၊ တစ်ကယ်လို့ အစိုးရက သူတို့ဘက်မှာ မဟုတ်ဘူးလို့ သူတို့ ဆုံးဖြတ်ခဲ့ရင် အစိုးရမှာ အလွန်ကြီးမားတဲ့ပြဿနာရှိပြီလို့ ကျွန်တော် ထင်တယ်" လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီခေါင်းဆောင်ပိုင်း အများအပြားကို ဖမ်းဆီးစွဲချက်တင်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ "အမှန်တစ်ကယ် နောက်ပြန်ဆုတ်ရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်၊ သူမနဲ့ သူမရဲ့အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးပြီး မြန်မာအတွက် ရှေ့ဆက်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတစ်ခုကို လုပ်ဆောင်ရမယ်" လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ပြောပါတယ်။

"ဒါက သူတို့အတွက် အဆင်မပြေတဲ့ အနေအထားတစ်ခုပါ၊ ဒါပေမဲ့ အမေရိကန်၊ ဥရောပ သို့မဟုတ် အာဆီယံနိုင်ငံတွေက သူတို့ကို လုပ်စေချင်တဲ့အတိုင်း သူတို့ လုပ်ရမယ်လို့ ဆုံးဖြတ်ဖို့ မဖြစ်စေခဲ့ပါဘူး" လို့ လီရှန်လွန်းက ဆိုပါတယ်။ လက်ရှိ အခြေအနေနဲ့ မြန်မာစစ်တပ်က ယခင် တုံ့ပြန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ ချဥ်းကပ်မှုကို လုပ်ဆောင်သွားရမယ်လို့လည်း ၎င်းက သုံးသပ်ခဲ့ပါတယ်။

"ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ လက်တွေ့ကျရမယ်လို့ ကျွန်တော်ထင်ပါတယ်၊ လုပ်ခဲ့တာကို သဘောမတူကြောင်း ကျွန်တော်တို့ ပြရပါမယ်၊ ဒါပေမဲ့ သူတို့ကို ကျွန်တော်က အရေယူးမယ်လို့ ပြောဖို့ကျတော့ အဲဒါက ဘယ်ကိုဦးတည်နေမလဲ?" လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မေးခွန်းထုတ်ခဲ့ပါတယ်။

(Photo: Reuters)

ဝန်ကြီးချုပ်လီရှန်လွန်း အနေနဲ့ ညှိနှိုင်းဆွေးနွေးမှု ပိုလုပ်ဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ မလုပ်ဖို့ အကြံပြုနေခဲ့သလားလို့ BBC က မေးမြန်းခဲ့ရာမှာတော့ စီးပွားရေးကို ထည့်သွင်းစဥ်းစားစရာကိစ္စ မဟုတ်ဘူးလို့ ၎င်းက ဖြေကြားခဲ့ပါတယ်။ ဆိုးရွားတဲ့အရာတွေ ဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးမှာ အဆင်ပြေသွားမယ်လို့ ကျွန်တော် ခံစားမိနေဆဲပါပဲ၊ အချိန် အတော်အတန်ကြာနိုင်ပေမဲ့ အဆင်ပြေနိုင်ပါတယ်၊ အရင်ကဖြစ်ခဲ့တယ်" လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

ဆက်စပ်သတင်းတစ်ရပ်အရ မြန်မာအရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့ (မတ် ၂ ရက်) မှာ videoconference မှတစ်ဆင့် ပြုလုပ်ကြောင်းသိရပြီး မြန်မာတပ်မတော်ကို ကိုယ်စားပြုသူထံမှ ပြောကြားချက်ကို နားထောင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

.


Author

  • Ko John

    Editorial Advisor at Duwun


က္က