အာဆီယံက မြန်မာကို အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းဖြင့် ကူညီရန်အသင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
Ko John

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းမှတစ်ဆင့် ယနေ့ (မတ် ၂ ရက်) ပြုလုပ်ခဲ့ရာ နောက်ထပ် အကြမ်းဖက်မှုတွေမှုမဖြစ်ရေး သက်ဆိုင်သူအားလုံးက ရှောင်ကြဥ်ထိန်းသိမ်းကြရန်နဲ့ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်း ရှာဖွေကြရန် တိုက်တွန်းလိုက်ပါတယ်။

(Photo: @MelGohCNA/Twitter)

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာကို အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းဖြင့် ကူညီရန်အသင့်ရှိကြောင်းလည်း အထူးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထိုအစည်းအ‌ဝေးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလက်ခ်ရစ်ရှ်နန်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener မြန်မာနိုင်ငံသို့လာရောက်မယ့် ခရီးစဥ်ကို အခိုင်အမာ ထောက်ခံပြီး မြန်မာစစ်တပ်အာဏာပိုင်တွေက ထိုခရီးစဥ်ဖြစ်မြောက်ရေး ဖြစ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။



(စင်ကာပူနိုင်ငံခြားရေးဝန်ကြီး) (Photo: CNA YouTube video screengrab)

သို့မှသာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်မှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပါတယ်။

စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်နဲ့ အခြား ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးရန် အခိုင်အမာ တောင်းဆိုကြောင်းလည်း ဗီဗီယန်က ပြောပါတယ်။ ဒါ့အပြင်လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို သေစေလောက်တဲ့ အင်အားသုံးမှုအပေါ် စိတ်ပျက်ကြောင်းနဲ့ ဆန္ဒပြသူတွေထဲမှာ တောက်ပတဲ့ အနာဂတ်တစ်ခုကို မျှော်လင့်နေကြတဲ့ လူငယ်အများအပြား ပါဝင်တယ်လို့ ၎င်းကဆိုပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး) (Photo: Reuters)

မည်သည့် အခြေအနေမျိုးမှာမဆို လက်နက်မဲ့ အရပ်သားတွေကို သေစေလောက်တဲ့ အင်အားအသုံးပြုမှုဟာ ခွင့်လွှတ်နိုင်စရာမရှိကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ယနေ့ အထူးအစည်းအ‌ဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာအနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တင်းမာမှုတွေ မြင့်တက်နေခြင်းကို ဖြေရှင်းရန် အာဆီယံ (Association of Southeast Asian Nations - ASEAN) ကို တံခါးဖွင့်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး) (Photo: @MelGohCNA/Twitter)

အစည်းအ‌ဝေးအပြီးမှာ Retno Marsudi က ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးရန်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရှိစေရန်လည်း တောင်းဆိုခဲ့ပါတယ်။ ထို့အတူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein ကလည်း မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က