အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက ရုရှားကို ပထမဆုံး ပိတ်ဆို့အရေးယူမှုလည်း ဖြစ်လာပါတယ်။
Ko John

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို အဆိပ်ခတ်မှုအတွက် အမေရိကန်က ရုရှားအစိုးရတာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း မတ် ၂ ရက်မှာ ကြေညာပါတယ်။

(Navalny ကို ထောက်ခံသူများ) (Photo: Getty Images)

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဟာ ရုရှားအစိုးရတာဝန်ရှိသူ အများအပြားနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရတာဝန်ရှိသူတွေကို ဥရောပသမဂ္ဂက အလားတူ ပိတ်ဆို့အရေးယူမှုများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။



ယမန်နှစ်အတွင်း ဆိုက်ဘေးရီးယားဒေသမှာ Navalny ကို သေလုနီးပါးဖြစ်စေတဲ့ အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုနောက်ကွယ်မှာ ရုရှားအစိုးရရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေးက ကောက်ချက်ချခဲ့ပါတယ်။ Navalny ဟာ ရုရှားသမ္မတဗလာဒီမာပူတင်ကို ဝေဖန်သူတွေအနက် အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်ပါတယ်။

(ရုရှားအတိုက်အခံခေါင်းဆောင် Navalny) (Photo: Reuters)

ရုရှားအစိုးရကတော့ Navalny ကို အဆိပ်ခတ်လုပ်ကြံမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ကြောင်း ငြင်းဆိုထားပြီး အမေရိကန်ထောက်လှမ်းရေးရဲ့ ကောက်ချက်ချမှုကို အငြင်းပွားခဲ့ပါတယ်။ အနောက်အုပ်စု လက်နက်ကျွမ်းကျင်သူတွေရဲ့ ကောက်ချက်ချမှုအရ Navalny ကို လုပ်ကြံရာမှာ Novichok အာရုံကြောအဆိပ်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

Navanly ကို အဆိပ်ခတ်လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ရုရှားအစိုးရ အကြီးတန်အရာရှိ ခုနစ်ဦးနဲ့ အဖွဲ့အစည်း ၁၄ ခုတို့ကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပိတ်ဆို့အရေးယူလိုက်တဲ့ အဖွဲ့အစည်းတွေဟာ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ထုတ်လုပ်ရေးမှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(ရုရှားသမ္မတပူတင်) (Photo: AP)

အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့ ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။ ယခုဆောင်ရွက်ချက်ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရက ရုရှားကို ပထမဆုံး ပိတ်ဆို့အရေးယူမှုလည်း ဖြစ်လာပါတယ်။ 

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူလည်းဖြစ်တဲ့ Navalny ဟာ ရုရှားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မှုကို အာဏာသိမ်းမှုနဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုအဖြစ် ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ဆန္ဒမဲပေးပွဲဖြင့် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအရ သမ္မတပူတင်ကို နောက်ထပ် သမ္မတသက်တမ်းနှစ်ကြိမ် ဆက်လက် ဆောင်ရွက်ခွင့်ရစေမှာ ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ပူတင်ဟာ ရုရှားသမ္မတအဖြစ် သက်တမ်းလေးကြိမ် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

Novichok အာရုံကြောအဆိပ်

အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်ကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားတို့က ထုတ်လုပ်ခဲ့ကြပါတယ်။ Novichok ဟာ အခြား အာရုံကြောအဆိပ်များကဲ့သို့ပင် တူညီတဲ့ သက်ရောက်များရှိပြီး အာရုံကြောများမှ ကြွက်သားများထံ ဆက်သွယ်မှုကို ဟန့်တားပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု အများအပြား ပျက်ယွင်းမှုဖြစ်စေပါတယ်။

Novichok အဆိပ်ကို အရည်နဲ့ အစိုင်အခဲ ပုံစံနှစ်မျိုးလုံးတွေ့နိုင်ရာ ထိုအဆိပ်ဟာ အလွန်သေးငယ်တဲ့ အမှုန့်လေးများအဖြစ် ပြန့်ကျဲနေနိုင်ကြောင်း သိရပါတယ်။ Novichok ကို အခြား ဓာတုလက်နက်တွေထက် ပိုမိုအဆိပ်သင့်မှုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားရာ အချို့ အမျိုးအစားတွေဟာ ထိခိုက်မှုမြန်ဆန်ပြီး စက္ကန့် ၃၀ မှ ၂ မိနစ်အတွင်း အဆိပ်သင့်နိုင်ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က