ကုလသမဂ္ဂက မြန်မာကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် မည်သူ့ကို လက်ခံမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။
Ko John

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် သံအမတ်ကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရတို့ထံမှ ကွဲလွဲတဲ့အဆိုပြုချက်တွေ လက်ခံရရှိထားကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေက မတ် ၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: အောင်ကျော်ဇော)

ကုလသမဂ္ဂဆိုင်ရာ နယူးယော့ခ်အခြေစိုက် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ကို လိုအပ်တဲ့နည်းလမ်းများသုံးပြီး အရေးယူရန် ပြီးခဲ့တဲ့ သောကြာနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) အထွေထွေညီလာခံ အလွတ်သဘောဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ သံအမတ်ကြီးဦးကျော်မိုးထွန်းက ၎င်းဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးကိုသာ ကိုယ်စားပြုကြောင်းလည်း အတည်ပြုခဲ့ပါတယ်။



စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေတာ ရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူလူထုထံပြန်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ် အပြင်းထန်ဆုံး ဖြစ်နိုင်သမျှ အရေးယူမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်

"စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေတာ ရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူလူထုထံပြန်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ် အပြင်းထန်ဆုံး ဖြစ်နိုင်သမျှ အရေးယူမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

(သံအမတ်ကြီးဦး‌ကျော်မိုးထွန်း) (Photo: YouTube video screengrab/UN)

နောက်တစ်ရက်မှာတော့ မြန်မာစစ်တပ်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးမှထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။ သို့သော် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌထံ စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"ဥပဒေမဲ့ အာဏာသိမ်းမှုရဲ့ တရားခံတွေက ကျွန်တော့်နိုင်ငံ သမ္မတရဲ့ တရားဝင်လုပ်ပိုင်ခွင့်အာဏာကို အမိန့်သစ်ထုတ်ပြီး ပယ်ဖျက်ဖို့ အခွင့်အာဏာမရှိပါဘူး" လို့ AFP သတင်းဌာနက ဖတ်ရှုခွင့်ရခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ပေးစာထဲမှာ ရေးသားထားပါတယ်။ "ဒါကြောင့် ကျွန်တော့်က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဖြစ်နေဆဲလို့ အတည်ပြုချင်ပါတယ်" လို့ ဦးကျော်မိုးထွန်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: အောင်ကျော်ဇော)

ယမန်နေ့ (မတ် ၂ ရက်) မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂသို့ စာပေးပို့ခဲ့ပြီး ဦးကျော်မိုးထွန်းကို သံအမတ်ကြီးရာထူးမှ ဖယ်ရှားခဲ့ကြောင်း ပြောထားပြီး ထိုစာကိုလည်း AFP က ဖတ်ရှုခွင့်ရခဲ့ပါတယ်။ "ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သံအမတ်ကြီးဦးကျော်မိုးထွန်းကို တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားပါတယ်" လို့ ထိုစာထဲမှာ ရေးသားထားပါတယ်။

ဥပဒေမဲ့ အာဏာသိမ်းမှုရဲ့ တရားခံတွေက ကျွန်တော့်နိုင်ငံ သမ္မတရဲ့ တရားဝင်လုပ်ပိုင်ခွင့်အာဏာကို အမိန့်သစ်ထုတ်ပြီး ပယ်ဖျက်ဖို့ အခွင့်အာဏာမရှိပါဘူး

"လက်ရှိမှာ လက်ထောက် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ဦးတင်မောင်နိုင်ကို ကြားဖြတ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း" နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရအမျိုးသား Stephane Dujarric က ကုလသမဂ္ဂအနေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပေးစာနှစ်စောင်ကို လက်ခံရရှိထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဦးကျော်မိုးထွန်းနဲ့ ဦးတင်မောင်နိုင်တို့ နှစ်ဦးလုံးက ကုလသမဂ္ဂ အဆောက်အအုံထဲကို ဝင်ခွင့်ရထားတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။

"ကျွန်တော်တို့ ဒီစာတွေကို ကြည့်ရှုနေပါတယ်၊ ဒီစာတွေ ဘယ်ကလာသလဲဆိုတာနဲ့ ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုတာပေါ့၊ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အချိန်ကာလရှည်ကြာ ကျွန်တော်တို့ မမြင်ခဲ့ဖူးတဲ့ အလွန်ထူးခြားတဲ့ အခြေအနေတစ်ခုကို ကြုံနေရပါတယ်၊ ဒါကို ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အခြား သတ်မှတ်ချက်တွေအရ ဖြေရှင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ ၎င်းကဆိုပါတယ်။

ကုလသမဂ္ဂ အသိအမှတ်ပြုမှုနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကော်မတီက ထိုကိစ္စကို ဖြေရှင်းသွားမှာဖြစ်ပြီး အထွေထွေညီလာခံသို့ ရည်ညွှန်းပေးပို့မယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်မှာရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Christine Schraner Burgener က လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းမျိုးစုံနဲ့ ဆက်လက် စကားပြောသွားမယ်လို့ Stephane Dujarric က ဆိုပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်) (Photo: Loey Felipe/UN)

"နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအစိုးရ တရားဝင်မဖြစ်ဖို့ သို့မဟုတ် အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်" လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener က ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး ဖိအားပေးကြရန်လည်း သူမက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအစိုးရ တရားဝင်မဖြစ်ဖို့ သို့မဟုတ် အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်

ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းရဲ့ စည်းမျဥ်းများအရ အမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ကြောင်း အထောက်အထားကို နိုင်ငံ သို့မဟုတ် အစိုးရရဲ့ ခေါင်းဆောင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။ မတ် ၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ရုံးသို့ ပေးပို့ခဲ့တဲ့စာဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန letterhead ကို အသုံးပြုထားပေမဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

(Photo: မင်နန္ဒ - မန္တလေး)

၎င်းကို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က ယမန်နှစ်အတွင်း ရာထူးခန့်အပ်ခဲ့ကြောင်းနဲ့ ၎င်းတို့ဟာ ၎င်းတို့ရဲ့ ရာထူးများအတွက် တရားဝင် ရွေးချယ်ခံထားရဆဲဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ၎င်းရဲ့ပေးစာမှာ ရေးသားထားပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရအမျိုးသား Stephane Dujarric က ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အစိုးရအပြောင်းအလဲဖြစ်ကြောင်း တရားဝင် အကြောင်းကြားမှုကို ကုလသမဂ္ဂက လက်ခံရရှိထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂက မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် မည်သူ့ကို လက်ခံမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ လာမယ့် သောကြာနေ့ (မတ် ၅ ရက်) မှာတော့ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေး တံခါးပိတ်အစည်းအ‌‌ဝေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ - လက်ထောက် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ဦးတင်မောင်နိုင်က ၎င်းရဲ့အလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း Facebook မှာ ရေးသားပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က