မတ်လ ၃ ရက်နေ့မှာ ဆန္ဒပြသူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထားပါတယ်။
Ko John

မြန်မာနိုင်ငံမှာ မတ်လ ၃ ရက်နေ့က ဆန္ဒပြသူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ စစ်အာဏသိမ်းပြီးနောက်ပိုင်း သွေအစွန်းဆုံးနေ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာစစ်တပ်က ၎င်းရဲ့ အာဏာသိမ်းမှုနဲ့ ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို နိုင်ငံတကာမှ ရှုတ်ချမှုများ မြင့်တက်နေခြင်းကို အာခံခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို စိတ်ပျက်ပြီး စက်ဆုပ်ရွံရှာကြောင်း အမေရိကန်က ပြောခဲ့ပါတယ်။



မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်များတပ်ကာ စွဲချက်တင်ထားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာဟာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အဆုံးသတ်ခဲ့ပြီး နေ့စဥ် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ဖိအားပေးမှုတွေအဖြစ် အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေက စစ်ဗိုလ်ချုပ်ကြီးတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဗြိတိန်က သောကြာနေ့ (မတ် ၅ ရက်) မှာ မြန်မာအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအ‌ဝေးပြုလုပ်ရန် ပြောထားပါတယ်။

ဒီနေ့ တစ်နေ့တည်းမှာပဲ ၃၈ ယောက် သေဆုံးခဲ့ပါတယ်၊ ဒီနေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း သွေးအစွန်းဆုံးနေ့ပါ

ယမန်နေ့က လူအများအပြား သေဆုံးမှုတွေရှိခဲ့ပြီးနောက် အမေရိကန်က နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ရန် စဥ်းစားနေတယ်လို့ ဆိုပါတယ်။ သို့သော် မြန်မာစစ်တပ်က ကမ္ဘာတစ်ဝန်း ရှုတ်ချမှုတွေကို လစ်လျူရှုခဲ့ပြီး ပြည်သူလူထု ဆန္ဒပြအုံကြွမှုကို ပိုမိုအင်အားသုံး ဖြိုခွင်းခြင်းဖြင့် တုံ့ပြန်နေပါတယ်။

"ဒီနေ့ တစ်နေ့တည်းမှာပဲ ၃၈ ယောက် သေဆုံးခဲ့ပါတယ်၊ ဒီနေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း သွေးအစွန်းဆုံးနေ့ပါ" လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်ပြီးနောက် မတ်လ ၃ ရက်အထိ စုစုပေါင်း လူ ၅၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို အလွန်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် Christine Schraner Burgener က ဆောင်းဆိုလိုက်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ယမန်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ မြင်းခြံ၊ မော်လမြိုင် အပါအဝင် မြို့ကြီးမြို့ငယ်တွေမှာ သေဆုံးမှုများရှိခဲ့ပါတယ်။ 

.


Author

  • Ko John

    Editorial Advisor at Duwun


က္က