ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းမှုအတွင်း လူငါးဦးသေဆုံးခဲ့ပါတယ်။

အမေရိကန်လွှတ်တော်အဆောက်အအုံကို မတ်လ ၄ ရက် (အမေရိကန်စံတော်ချိန်အရ) မှာ ချိုးဖျက်ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို ထောက်လှမ်းရေးက ဖော်ထုတ်ခဲ့ပြီးနောက် အမေရိကန်ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြောပါတယ်။

(Photo: AFP)

အမေရိကန်မှာ ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေက ၎င်းဟာ နောက်ထပ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ခန့်မှန်းယူဆချက်အချို့လည်း ရှိနေခဲ့ပါတယ်။ ယခုခြိမ်းခြောက်မှုဟာ QAnon အုပ်စုအပါအဝင် ထရန့်လိုလားသူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းခဲ့ကြပြီးနောက် နှစ်လနီးပါးအကြာမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။



လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းမှုအတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က အမေရိကန်ဒီမိုကရေစီကို လှုပ်ခါခဲ့ပါတယ်။ QAnon လက်ယာစွန်းရောက်အုပ်စုရဲ့ နောက်လိုက်အချို့က ထရန့်ဟာ သမ္မတဒုတိယသက်တမ်းအတွက် ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

(Photo: Leah Millis/Reuters)

"လက်နက်ကိုင်အုပ်စုတစ်ခုက လွှတ်တော်အဆောက်အအုံကို ကြာသပတေးနေ့ မတ်လ ၄ ရက်မှာ ချိုးဖျက်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုရှိတဲ့ ထောက်လှမ်းရေးသတင်း ရရှိထားပါတယ်" လို့ အမေရိကန်လွှတ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ "ကွန်ဂရက်လွှတ်တော်ကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်အင်အားတိုးထားမှုနဲ့ အကာအရံတွေ စီစဥ်ထားရှိမှု အပါအဝင် လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ထားပြီးဖြစ်ပါတယ်၊ ထောက်လှမ်းရေးသတင်းကို အလေးအနက်ထားပါတယ်" လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အွန်လိုင်းမှာ ဆက်သွယ်ပြောဆိုမှုအရ Qanon အုပ်စုလှုပ်ရှားမှုမှ အချို့ဟာ ကြာသပတေးနေ့ (မတ် ၄ ရက်) ကို ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့အဖြစ် ယူဆနေကြတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ အများစုဟာ ၁၉၃၃ ခုနှစ်အထိ မတ်လ ၄ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ဇန်နဝါရီ ၂၀ ရက်ကို ပြောင်းလဲသတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: John Minchillo/AP)

ရီပတ်ဘလစ်ကင်ဖြစ်သူ ထရန့်ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး အိမ်ဖြူတော်မှ ထွက်ခွာခဲ့ရပါတယ်။ ထရန့်က ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း အစဥ်တစိုက် အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။ ထရန့်ဟာ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှုအဖြစ် ဖလော်ရီဒါပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ ကွန်ဆာဗေးတစ်ညီလာခံကို တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

ထိုမိန့်ခွန်းအတွင်း ထရန့်က လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ထရန့်က ၎င်းအနေနဲ့ ပါတီသစ်တစ်ခု တည်ထောင်သွားရန် အစီအစဥ်မရှိကြောင်း အတည်ပြုခဲ့ပြီး လာမယ့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ အရိပ်အမြွက်‌ ပြောခဲ့ကြောင်း သိရပါတယ်။



က္က