ကုလအထူးသံတမန်က မြန်မာစစ်တပ် ဒုတိယအကြီးအကဲနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဆန့်ကျင်ကန့်ကွက်မှုများစွာမရှိဘဲ စစ်အုပ်ချုပ်ရေးပြန်လည်ကျင့်သုံးရန် ၎င်းတို့ရဲ့ အစီအစဥ်များ အလုပ်မဖြစ်နေခြင်းကို အလွန်အံ့အားသင့်သွားခဲ့ကြပေမဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ကြောက်ဟန်မပြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂ အထူးသံတမန်က ပြောကြားပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် Christine Schraner Burgener) (Photo: CNA)

အထူးသံတမန် Christine Schraner Burgener က ကုလသမဂ္ဂဆိုင်ရာ သတင်းထောက်တွေကို မတ်လ ၃ ရက်နေ့မှာ ပြောကြားမှုအရ သူမအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုပြီးနောက် ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလွန်ကြီးမား ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ကြောင်း မြန်မာစစ်တပ်ကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။



ကုလအထူးသံတမန် Christine Schraner Burgener က မြန်မာစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ "အဖြေကတော့ - 'ကျွန်တော်တို့ ပိတ်ဆို့အရေးယူမှုတွေကို ကျင့်သားရနေပြီး အရင်တုန်းက အဲဒီပိတ်ဆို့အရေးယူမှုတွေကနေ ရှင်သန်ခဲ့ကြပါတယ်' ဆိုတာဖြစ်ခဲ့တယ်" လို့ သူမက ပြောပါတယ်။

(Photo: အောင်ကျော်ဇော)

ထို့အတူ မြန်မာနိုင်ငံဟာ အထီးကျန်ဖြစ်လာလိမ့်မယ်လို့လည်း ကုလအထူးသံတမန်က စစ်တပ်ကို ပြောခဲ့ရာ 'ကျွန်တော်တို့ မိတ်ဆွေအနည်းငယ်နဲ့သာ လျှောက်လှမ်းတတ်ရန်လိုတယ်လို့' တုံ့ပြန်ခဲ့ကြောင်း ကုလအထူးသံတမန်က ဆိုပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဖေဖေါ်ဝါရီ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဖုန်းဆက်သွယ်ပြောခဲ့စဥ် ၎င်းတို့ရဲ့ စစ်တပ်ရဲ့ လမ်းပြမြေပုံ ၅ ချက်ကို သူမအား ရှင်းပြခဲ့တယ်လို့ Christine Schraner Burgener က ပြောပါတယ်။

ထိုအဆင့်ငါးဆင့်ကို အစိုးရမီဒီယာတွေမှာလည်း ထုတ်ပြန်ဖော်ပြခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖွဲ့ရေး၊ COVID-19 ကာကွယ်တိုက်ဖျက်ရေး အရှိန်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်ပြီး တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနိုင်ရေး၊ COVID-19 ကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပရေးတို့ ပါဝင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နည်းဗျူဟာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးပြီး ရွေးကောက်ပွဲမသမာမှု၊ နိုင်ငံတော်သစ္စာဖောက်မှု သို့မဟုတ် နိုင်ငံခြားသားများနဲ့ ဆက်သွယ်လုပ်ကိုင်မှုကဲ့သို့ အမှုများဖြင့် စွဲချက်တင်ထောင်ချမယ်လို့ သူမအနေနဲ့ ထင်မြင်ကြောင်း ကုလအထူးသံတမန်က ဆိုပါတယ်။

"NLD ကို တားမြစ်ပိတ်ပင်ပြီး သူတို့က ရွေးကောက်ပွဲအသစ် လုပ်သွားမယ်၊ အဲဒီရွေးကောက်ပွဲမှာ သူတို့ အနိုင်ရချင်တယ်၊ ပြီးရင်တော့ သူတို့က အာဏာဆက်ရှိနေနိုင်မယ်ပေါ့၊ လူတွေကို ခြိမ်းခြောက်ဖို့၊ ဖမ်းဆီးမှုတွေလုပ်ဖို့နဲ့ ပြီးရင် လူအများစုက ကြောက်ရွံ့တာကြောင့် အိမ်ပြန်သွားကြလိမ့်ဆိုတဲ့ အစီအစဥ် စစ်တပ်က ကျွန်မကို ပြောပြခဲ့ပါတယ်" လို့ Christine Schraner Burgener က ပြောပါတယ်။

(Photo: မကွေးပို့စ်)

ထို့နောက် စစ်တပ်က နောက်တစ်ကြိမ် ပြန်လည်းထိန်းချုပ်ကာ ပြည်သူလူထုက အခြေအနေကို အသားကျလာပြီး စီးပွားရေး ပုံမှန်ပြန်ဖြစ်လာရန်ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ လူငယ်တွေ ဦးဆောင်တဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကြောင့် အံ့အားသင့်သွားတယ်လို့ ကုလအထူးသံတမန်က ပြောခဲ့ပါတယ်။

"အရင်တုန်းက ၁၉၈၈ နဲ့ ၂၀၀၇ နဲ့ ၂၀၀၈ မှာ အလုပ်ဖြစ်ခဲ့တာက အခု အလုပ်မဖြစ်လို့ စစ်တပ်က အလွန်အံ့အားသင့်သွားတယ်လို့ ကျွန်မထင်ပါတယ်" လို့ ယခင် စစ်အုပ်ချုပ်ရေးဆန့်ကျင်တဲ့ ဆန္ဒပြအုံကြွမှုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ခုနှစ်တွေကို Christine Schraner Burgener က ရည်ညွှန်းပြောခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။



က္က