လူ ၅၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁,၇၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာရုံးက အတည်ပြုထားပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူ ၅၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းနဲ့ ဆန္ဒပြသူတွေကိုသတ်နေခြင်း ရပ်တန့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ယနေ့ (မတ် ၄ ရက်) တောင်းဆိုလိုက်ပါတယ်။

(ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet) (Photo: AFP/Getty Images)

ယမန်နေ့ (မတ် ၃ ရက်) က လုံခြုံရေးတပ်ဖွဲ့က လူအုပ်စုထဲကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရာ လူသေဆုံးမှုအများဆုံး ဆန္ဒပြနေ့ရက် ဖြစ်လာခဲ့ပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲရဲ့ မှတ်ချက်ပြုမှု ထွက်ပေါ်လာခဲ့လည်း ဖြစ်ပါတယ်။



ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် ၎င်းတို့ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းနေမှု ရပ်တန့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet က လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။ "မြန်မာစစ်တပ်က ဆန္ဒပြသူတွေကို သတ်ဖြတ်နေမှုနဲ့ ဖမ်းဆီးထိန်းသိမ်းနေမှု ရပ်တန့်ရမယ်၊ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေသုံးပြီး ပစ်ခတ်နေတာက လုံးဝ စက်ဆုပ်ရွံရှာစရာဖြစ်တယ်" လို့ သူမက ပြောပါတယ်။

(Photo: မင်းနန္ဒ - မန္တလေး)

ဒါ့အပြင် ဆန္ဒပြပွဲ ဖြိုခွင်းခံရမှုအတွင်း ဒဏ်ရာသူတွေကို အကူအညီပေးတဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ လူနာတင်ကားတွေကို တိုက်ခိုက်ခဲ့မှု မှတ်တမ်းတွေကိုလည်း စိတ်ပျက်ကြောင်း ၎င်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ယခုအချိန်အထိ လူ ၅၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ပြောပါတယ်။

ထိုအရေအတွက်ဟာ လူ့အခွင့်အရေးဆိုင်ရာရုံးက အတည်ပြုနိုင်တာဖြစ်ပြီး အမှန်တစ်ကယ် သေဆုံးသူအရေအတွက်ဟာ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ သတ်ဖြတ်မှုတွေဟာ လတ်တလော ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေက အစီရင်ခံခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ သေဆုံးခဲ့သူ ၃၈ ဦးအနက် ၃၀ ဦးကို အတည်ပြုခဲ့ကြောင်းနဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ မွန်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာရုံးက ဆိုပါတယ်။

အင်္ဂါနေ့ (မတ် ၂ ရက်) မှာ နောက်ထပ်တစ်ဦးနဲ့ တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ ၁၈ ဦး၊ ထိုနေ့မတိုင်မီက ၅ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာရုံးက အတည်ပြုထားပါတယ်။ ဆန္ဒပြမှုများအတွင်း ဒဏ်ရာရမှုတွေကို မှတ်တမ်းတင်ရန် ခက်ခဲခဲ့ပေမဲ့ အနိမ့်ဆုံး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူ ၁,၇၀၀ ကျော်ကို ဆန္ဒပြမှုတွေမှာပါဝင်မှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ထင်သလို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့ တစ်နေ့တည်းမှာပင် လူ ၇၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က