ငလျင်ဗဟိုချက်ရဲ့ ၁၈၆ မိုင်ပတ်လည်အတွင်း ကမ်းရိုးတန်းတွေမှာ ဘေးအန္တရာယ်ရှိတဲ့ ဆူနာမီ တက်ရောက်နိုင်ပါတယ်။

နယူးဇီလန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်မှာ ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

"မြေပြင်နဲ ရေပြင်မှာ ဆူနာမီရေလှိုင်း အန္တရာယ်ရှိပါတယ်" လို့ နယူဇီလန် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ပြောပါတယ်။ ငလျင်ဟာ နယူးဇီလန်ရဲ့ မြောက်ပိုင်းကျွန်း (North Island) ကမ်းလွန်မှာ ဒေသစံတော်ချိန် မတ်လ ၅ ရက် အစောပိုင်း (မြန်မာစံတော်ချိန် ည ၉ နာရီခွဲဝန်းကျင်) က လှုပ်ခတ်ခဲ့ကြောင်း US Geological Survey (USGS) က ဖော်ပြပါတယ်။



USGS က ဖော်ပြထားမှုအရ ငလျင်ဟာ Gisborne မြို့ရဲ့ အရှေ့မြောက်ဘက် ၁၁၂ မိုင်အကွာမှာ ဒေသစံတော်ချိန် မတ်လ ၅ ရက် မနက် ၂ နာရီ ၂၇ မိနစ်က လှုပ်ခတ်ခဲ့ကြောင်း ပြောပါတယ်။ ထိုငလျင်ဟာ မြေအောက်အနက် ၆ မိုင်ကျော်မှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ "ကနဦး ငလျင်ပြင်းအားအရ ငလျင်ဗဟိုချက်ရဲ့ ၁၈၆ မိုင်ပတ်လည်အတွင်း ကမ်းရိုးတန်းတွေမှာ ဘေးအန္တရာယ်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ တက်ရောက်နိုင်ပါတယ်" လို့ ဟာဝိုင်အီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) က ပြောပါတယ်။

ငလျင်လှုပ်မှုကို မြောက်ပိုင်းကျွန်းတစ်လျှောက်၊ ခရစ်ချတ်မြို့နဲ့ Dunedin မြို့တို့မှာ ခံစားသိရှိခဲ့ကြပါတယ်။ နယူးဇီလန် အရေးပေါ်ဌာနက ဆူနာမီသတိပေးချက် မထုတ်ပြန်မီမှာ လူတွေကို အနီးဆုံး ကုန်းမြင့်နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းကြရန် အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ယခုငလျင်ရဲ့ပြင်းအားကို USGS က ကနဦးမှာ ရစ်ချ်တာစကေး ၇.၃ ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ၆.၉ အဖြစ် လျှော့ချခဲ့ပါတယ်။

ပထမငလျင်ပြီးနောက် နာရီပိုင်းအတွင်း နောက်ထပ် ငလျင်နှစ်ခု ထပ်မံလှုပ်ခဲ့ပြီး နောက်ဆုံးငလျင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲဝန်းကျင်က နယူးဇီလလန်အရှေ့မြောက်ဘက် ၆၂၁ မိုင်အကွာရှိ Kermadec ကျွန်းစုအနီး လှုပ်ခတ်ခဲ့ကြောင်းနဲ့ ရစ်ချ်တာစကေး ၈.၁ အဆင့်ဖြစ်ကြောင်း သိရပါတယ်။ ပထမဆုံးငလျင်လှုပ်ပြီးနောက် ထုတ်ပြန်ထားခဲ့တဲ့ ဆူနာမီသတိပေးချက်ကို ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်မှာ နယူးဇီလန်က ရုပ်သိမ်းလိုက်ပါတယ်။



က္က