မြန်မာစစ်တပ်ပိုင် ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေကို ကုန်သွယ်မှုအမျိုးအအစားအချို့ ပိတ်ပင်လိုက်ပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့မှုအတွက် အမေရိကန်နိုင်ငံက မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ အရေးယူမှုအသစ်များ မတ်လ ၄ ရက်မှာ ထပ်မံ ချမှတ်လိုက်ပါတယ်။

(Photo: အောင်ကျော်ဇော)

အမေရိကန်က ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာများနဲ့ မြန်မာစစ်တပ်ပိုင် ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေကို ကုန်သွယ်မှုအမျိုးအအစားအချို့ ပိတ်ပင်လိုက်ပါတယ်။ ထို့အတူ မြန်မာစစ်တပ်အတွက် အမေရိကန်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ပစ္စည်းတွေကို တင်ပို့မှုကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။



အမေရိကန်က မြန်မာစစ်တပ်ကို ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းစေတဲ့ ပစ္စည်းများ ရရှိအသုံးပြုရန် ခွင့်ပြုသွားမှာမဟုတ်ကြောင်း ကုန်သွယ်ရေးဌာနက မတ်လ ၄ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ "အာဏာသိမ်းမှုအတွက် တာဝန်ရှိတဲ့ အပြစ်ကျူးလွန်သူတွေကို ၎င်းတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူဖို့ အမေရိကန်အစိုးရက ဆက်လက် လုပ်ဆောင်သွားပါမယ်" လို့ ဆိုပါတယ်။

(Photo: မကွေးပို့စ်)

နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ အရေးယူမှုကိုလည်း ပြန်လည်သုံးသပ်နေခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေးဌာနက ပြောခဲ့ပါတယ်။ အမေရိကန်က မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ရာမှာ ၎င်းတို့ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ Myanmar Economic Corporation နဲ့ Myanmar Economic Holdings Limited တို့ ပါဝင်ပါတယ်။

မြန်မာစစ်တပ်ပိုင် ထိုစီးပွားရေးလုပ်ငန်းနှစ်ခုဟာ မြန်မာနိုင်ငံတစ်ဝန်း ဘီယာနဲ့ စီးကရက်ကနေ တယ်လီကွန်း၊ တာယာ၊ သတ္တုတွင်းနဲ့ အိမ်ခြံမြေလုပ်ငန်းအထိ များပြားလှတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ လက်အောက်ခံကုမ္ပဏီများ ဖွင်လှစ်လုပ်ကိုင်လျက်ရှိပါတယ်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်မှ ဗိုလ်ချုပ်ကြီးတွေနဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာကုမ္ပဏီသုံးခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူထားခဲ့ပါတယ်။

(Photo: အောင်ကျော်ဇော)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူလူထု လူတန်းစားအလွှာအသီးသီးက နိုင်ငံအနှံ့ မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး လူ ၅၄ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်အထိ လူ ၁,၇၀၀ ကျော်ကို ဖမ်ဆီးထိန်းသိမ်းခဲ့ပြီး ဂျာနယ်လစ် ၂၉ ဦးလည်း ပါဝင်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က