ဆန္ဒပြသူတွေကို သတ်ဖြတ်နေခြင်းဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇာဝတ်မှုဖြစ်နိုင်ခြေအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း ပြောပါတယ်။
Ko John

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သတ်ဖြတ်မှုတိုးလာခြင်းဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇာဝတ်မှုဖြစ်နိုင်ခြေအဖြစ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မတ်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန် ပြောကြားလိုက်ပါတယ်။

မြန်မာအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး မတိုင်မီ ICJ က ထိုသို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ICJ က လက်ခံရရှိတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်များအရ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ပြည်သူ ခန့်မှန်းခြေ ၅၀ ကို တရားလက်လွတ် သတ်ဖြတ်ခဲ့ကြောင်းနဲ့ အနည်းဆုံး ကလေးငါးဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မြို့ ၁၀ မြို့ကျော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုအတွင်း သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ မတ်လ ၃ ရက် တစ်ရက်တည်းမှာပင် လုံခြုံရေးတပ်ဖွဲ့တွေက လူ ၃၈ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ICJ က ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြမှုများကို ဖြိုခွင်းရာမှာ ဆန္ဒပြသူ အများအပြား ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်အထိ လူ ၁,၄၉၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (The Assistance Association for Political Prisoners - AAPP) ရဲ့ စာရင်းကို ကိုးကားပြီး ICJ က ပြောပါတယ်။ ကုလသမဂ္ဂကတော့ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၁,၇၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"အကြမ်းဖက်မှုအတိုင်းအတာ ဆက်လက် မြင့်တက်နေတာ၊ စနစ်တကျနဲ့ ဗဟိုချုပ်ကိုင်ညွှန်ကြားမှုလို့ထင်ရတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေလောက်တဲ့ အင်အားအသုံးပြုမှုတွေရှိနေတာက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တယ်လို့ ကောက်ချက်ချခံရမှုကနေ လွတ်မြောက်ဖို့ခက်ခဲပါတယ်" လို့ ICJ ရဲ့ Global Accountability and International Justice ညွှန်ကြားရေးမှူး Kingsley Abbott က ပြောပါတယ်။

(Photo: Min Min Htwe/Aung Ko Thu)

"မြန်မာပြည်သူလူထုအတွက် တရားမျှတမှုကို ဦးတည်စေဖို့ မြန်မာစစ်တပ်ကို ကာကွယ်ပေးနေတာနဲ့ အတူတကွ အလုပ်လုပ်နေတာတွေ ရပ်တန့်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးအတွက် အရေးပေါ်လိုအပ်ချက် ဖြစ်ပါတယ်" ၎င်းက ဖြည့်စွက်ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေး တံခါးပိတ်အစည်းအဝေးကို မတ်လ ၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ "ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အပြည့်အဝ လွတ်လပ်ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် မြန်မာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသို့ ချက်ချင်းလွှဲပြောင်းသင့်ပါတယ်" လို့ Kingsley Abbott က ပြောပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က