မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဥ်ကို ဩစတြေလျးနိုင်ငံက ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။
(ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne) (Photo: Alex Ellinghausen)
"ဩစတြေးလျက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာခြင်းကို အလေးအနက် စိုးရိမ်ပူပန်ပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ယမန်နေ့ (မတ် ၇ ရက်) ညနှောင်းပိုင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုရုံးခွင့် အပါအဝင် သူတို့ရဲ့ အခွင့်အရေးတွေအရ လုပ်ဆောင်နေကြတဲ့ အရပ်သားတွေကို သေစေလောက်တဲ့ အင်အားအသုံးပြုခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းကို ကျွန်မတို့ ရှုတ်ချပါတယ်၊ ဩစတြေးလျက မြန်မာစစ်တပ်နဲ့ အကန့်အသတ်ရှိတဲ့ ကာကွယ်ရေးပူပေါင်းဆောင်ရွက်မှုအစီအစဥ်တစ်ခု ရှိခဲ့ပါတယ်၊ တိုက်ပွဲကိစ္စမဟုတ်တဲ့ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးလိုမျိုးကိစ္စတွေပါ၊ ဒီပူပေါင်းဆောင်ရွက်မှုအစီအစဥ်ကို ဆိုင်းငံ့သွားပါမယ်" လို့ သူက ပြောခဲ့ပါတယ်။
(Photo: Nava Sangthong/AP)
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ပြောကြားမှုဟာ ယမန်နေ့က မြန်မာနိုင်ငံရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနစ်စာရင်းဝင် ပုဂံမြို့အပါအဝင် မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြသူတွေကို နောက်ထပ် အကြမ်းဖက်ဖြိုခွင်းခဲ့မှုများ ရှိလာခဲ့မှုနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်တွေမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဥ်ရက်ဆက် ပြုလုပ်နေခဲ့ပြီး စစ်တပ်ရဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အနည်းဆုံး လူ ၅၄ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ ဒါ့အပြင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏသိမ်းခဲ့စဥ်မှစပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ထက်မနည်း ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်နှင့် Sean Turnell) (Photo: ABC/LinkedIn)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဩစတြေးလျနိုင်ငံသား ပါမောက္ခ Sean Turnell ကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးထားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေ ဆက်လက် တိုးလာနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာအရေး အစည်းအဝေးပြုလုပ်ရန်ရှိကြောင်း သိရပါတယ်။