မြန်မာနိုင်ငံမှာ တင်းမာမှုတွေလျော့ကျရေး အချက်သုံးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။
Ko John

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံမှာ တင်းမာမှုတွေလျော့ကျရေး အချက်သုံးချက်ကို ယမန်နေ့ (မတ် ၇ ရက်) မှာ အဆိုပြုခဲ့ပါတယ်။

အဆိုပြုချက်သုံးခုအနက် ပထမအချက်အဖြစ် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းမှုရှိရန်နဲ့ ထိန်းသိမ်းဆောင်ရွက်ကြရန်၊ ၎င်းတို့ရဲ့ မတူကွဲပြားမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းမှ ဆွေးနွေးညှိနှိုင်းကြပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။



ချက်ချင်း ဦးစားပေးရန်မှာ နောက်ထပ် သွေးထွက်သံယိုဖြစ်မှုနဲ့ တိုက်ခိုက်မှုရှောင်ရှားရန်၊ အခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အဆင်ပြေတည်ငြိမ်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်းလည်း ဝမ်ယိက တရုတ်ဥပဒေပြု နှစ်ပတ်လည်အစည်းအဝေးပြင်ပ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒုတိယအချက်အဖြစ် အာဆီယံ (Association of Southeast Asian Nations - ASEAN) အနေနဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ အများသဘောတူညီချက်အရ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ အာဆီယံနည်းလမ်း စေ့စပ်ညှိနှိုင်းခြင်းနဲ့ ဘုံသဘောတူညီချက်ရရှိရန် ဆောင်ရွက်ခြင်းတို့ကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာနဲ့ ၎င်းရဲ့ပြည်သူလူထုဆန္ဒပြကို လေးစားမှုအရ တရုတ်က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်သွယ်ပြီး မြန်မာမှာ တင်းမာမှုများလျော့ကျရေး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ရန်အသင့်ရှိတယ်လို့ ၎င်းကပြောပါတယ်။

ဆက်လက်ပြီး တတိယအချက်အဖြစ် တရုတ်နဲ့မြန်မာတို့ဟာ အေးအတူပူအမျှ လက်တွဲသွားမယ့် အနာဂတ်ရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ကြောင်း၊ မည်သည့်အခြေအနေမှာဖြစ်စေ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်စေရန် ကတိကဝတ်တွေကို ပြောင်းလဲသွားမှာမဟုတ်တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူအားလုံးအတွက်ဖြစ်တယ်လို့လည်း ဝမ်ယိက အလေးအနက် ပြောခဲ့ပါတယ်။ "ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီစုံနဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားခဲ့ပါတယ်၊ တရုတ်နဲ့ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်သွားမှာ" လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ဖော်ပြပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က