ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ အင်အားအသုံးပြုမှုအပေါ် အံ့ဩတုန်လှုပ်မိကြောင်း H&M က ပြောပါတယ်။
Ko John

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ အင်အားအသုံးပြုမှုအပေါ် အံ့ဩတုန်လှုပ်မိကြောင်းနဲ့ အဝတ်အထည်များ အော်ဒါချုပ်လုပ်ပေးရန် အမှာစာတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းကုမ္ပဏီ H&M က ယနေ့ (မတ် ၈ ရက်) ပြောပါတယ်။

ဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း နေ့စဥ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖြိုခွင်းမှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ H&M ရဲ့အဝတ်အထည်တွေကို တိုက်ရိုက် အော်ဒါချုပ်လုပ်ပေးနေတဲ့ လုပ်ငန်း ၄၅ ခုဝန်းကျင်ရှိပြီး ခုနစ်နှစ်ကြာပြီလို့ ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ပြောထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



"မြန်မာမှာ ကျွန်တော်တို့ ကာလရှည်ကြာရှိနေခဲ့မှုနဲ့ ပတ်သက်ပြီး မည်သည့် ဆောင်ရွက်မှုမျှ ချက်ချင်း မလုပ်ဆောင်သေးပေမဲ့ ကျွန်တော်တို့ရဲ့ အဝတ်အထည်ချုပ်လုပ်ပေးသွင်းသူတွေဆီကနေ အော်ဒါအသစ်မှာကြားမှုကို ရပ်ဆိုင်းထားပါတယ်" လို့ H&M ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Serkan Tanka က အီးမေးလ်မှတစ်ဆင့် ပြောခဲ့ပါတယ်။

(Serkan Tanka) (Photo: TGST)

"လက်တွေ့အခက်အခဲတွေနဲ့ မျှော်မှန်းလို့မရတဲ့ အခြေအနေက ကုန်ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အဦ၊ ကုန်ကြမ်းတင်သွင်းမှုနဲ့ ထုတ်လုပ်ပြီးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းလုပ်နိုင်မှုကို အကန့်အသတ်ဖြစ်စေပါတယ်" လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ယနေ့လည်း နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်ခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူနှစ်ဦး ဦးခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

(မြန်မာအထည်ချုပ်စက်ရုံတစ်ရုံမြင်ကွင်း) (Photo: World Bank)

H&M က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂအေဂျင်စီများ၊ သံတမန်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကျွမ်းကျင်သူများ၊ အလုပ်သမားသမဂ္ဂများနဲ့ အခြား နိုင်ငံစုံ ကုမ္ပဏီများနဲ့ ဆွေးနွေးနေကြောင်း Serkan Tanka က ပြောပါတယ်။ "ဒီ‌ဆွေးနွေးတိုင်ပင်မှုတွေက ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ‌အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့ ကျွန်တော်တို့ ဘယ်လို အကောင်းဆုံး ပါဝင်ကူညီနိုင်မလဲဆိုတာ အနာဂတ်ဆုံးဖြတ်ချက်ချရာမှာ လမ်းညွှန်ပါလိမ့်မယ်" လို့ ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ထက် သေးငယ်ပါတယ်။ သို့သော် ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ ၆၀၀ ဝန်းကျင်က အလုပ်သမား ၄၅၀,၀၀၀ ကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (Myanmar Garment Manufacturers Association) ရဲ့ စာရင်းအရသိရှိရကြောင်း Reuters က ပြောပါတယ်။

.


Author

  • Ko John

    Editorial Advisor at Duwun


က္က