အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နှစ်မျိုးနှစ်စားရှိပြီး ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်တဲ့ B.1.617.2 ကို ဒယ်လ်တာလို့ အမည်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပထမဆုံး တွေ့ရှိခဲ့ရတဲ့ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်တစ်မျိုးက ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းကို ကူးစက်ပျံ့နှံ့ရောက်ရှိနေပါတယ်။

လက်ရှိအချိန်အထိ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှာ အိန္ဒိယမှ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။ အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နှစ်မျိုးနှစ်စားရှိပြီး ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်တဲ့ B.1.617.2 ကို ဒယ်လ်တာ (Delta) လို့ အမည်ပေးခဲ့ပါတယ်။



(Photo: AFP)

နောက်ဆုံးသိရှိရတဲ့ သတင်းတွေအရ အိန္ဒိယမှာ Delta Plus လို့ ခေါ်‌ဝေါ်နေကြတဲ့ စိုးရိမ်ဖွယ်ရာ နောက်ထပ် ဗီဇပြောင်းဗိုင်းရပ်စ်တစ်မျိုး ကူးစက်မှု နှစ်ဒါဇင်နီးပါးကို ပြည်နယ်သုံးခုမှာ တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယမှ ဗီဇပြောင်းဗိုင်းရပ်စ် နောက်တစ်မျိုးဖြစ်တဲ့ B.1.617.1 ကိုတော့ ကက်ပါ (Kappa) လို့ အမည်သတ်မှတ်ခဲ့ပါတယ်။

COVID-19 ဖြစ်စေတဲ့ ကမ္ဘာ့စိုးရိမ်ဖွယ်ရာ ဗီဇပြောင်းဗိုင်းရပ်စ်တွေကို WHO က သတ်မှတ်ကြေညာထားခဲ့ပါတယ်။ ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ် B.1.1.7 ကို အယ်လ်ဖာ (Alpha)၊ တောင်အာဖရိကမှ ဗီဇပြောင်းဗိုင်းရပ်စ် B.1.351 ကို ဘီတာ (Beta)၊ ဘရာဇီးမှာ ပထမဆုံးတွေ့ခဲ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ် P.1 ကို ဂမ်မာ (Gamma) လို့ အမည်ပေးထားပါတယ်။ အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့ရပြီး ကမ္ဘာတစ်ဝန်း စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ ဒယ်လ်တာဗိုင်းရပ်စ်အကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်ပြောကြားမှုအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

ပိုမိုကူးစက်နိုင်သလား?

ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေက ဒယ်လ်တာဗိုင်းရပ်စ်ဟာ ပိုမိုကူးစက်လွယ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်း အယ်လ်ဖာဗိုင်းရပ်စ်ထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမိုကူးစက်နိုင်ပါတယ်။ မူလက အခြား ဗိုင်းရပ်မျိုးကွဲတွေထက် ၅၀ ရာခိုင်းနှုန်း ပိုမိုကူးစက်နိုင်တယ်လို့ ယူဆခဲ့ရပေမဲ့ ယခုအခါ ဒယ်လ်တာဗိုင်းရပ်စ်ဟာ ၉၀ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်နိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအမျိုးသမီး ပရော်ဖက်ဆာ Marylouise McLaws က ဆိုပါတယ်။

ပိုမိုသေဆုံးစေနိုင်သလား?

အစောပိုင်း အထောက်အထားတွေအရ ဒယ်လ်တာဗိုင်းရပ်စ်ဟာ ဗြိတိန်မှာတွေ့ရတဲ့ အယ်လ်ဖာဗိုင်းရပ်စ်နဲ့ နှိုင်းယှဥ်ပါက ဆေးရုံတက်ရောက်ရတဲ့နှုန်းကို မြင့်တက်စေတာတွေ့ရကြောင်း အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာန (Public Health England - PHE) က ပြောပါတယ်။ အချက်အလက်တွေ ပိုမိုလိုအပ်သေးကြောင်း PHE က ပြောခဲ့ပြီး အစောပိုင်း တွေ့ရှိချက်တွေအရ ဒယ်လ်တာဗိုင်းရပ်စ်က COVID-19 ကို ပိုမိုပြင်းထန်စေနိုင်ဖွယ်ရှိကြောင်း တွေ့ရှိထားပါတယ်။ 

ကာကွယ်ဆေးက အလုပ်ဖြစ်သလား?

လက်ရှိ အသုံးပြုနေတဲ့ COVID-19 ကာကွယ်ဆေးတွေက ဒယ်လ်တာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ အထောက်အထားရှိပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးက ဒယ်လ်တာနဲ့ အခြား ဗီဇပြောင်းဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်ကြောင်း ဂျာမန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန်တက္ကသိုလ် University of Texas Medical Branch တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုက ဆိုပါတယ်။

ကူးစက်မှုတွေ့ရတဲ့ နိုင်ငံအရေအတွက်

ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုတွေကို နိုင်ငံပေါင်း ၇၄ နိုင်ငံမှာ တွေ့ရှိထားပြီး အန္တာတိကတိုက်ကလွဲပြီး ကမ္ဘာ့တိုက်ကြီးများ အားလုံးကို ထိုဗိုင်းရပ်စ်က ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။ ဒယ်လ်တာဗိုင်းရပ်စ်ဟာ ကူးစက်ပျံ့နှံ့မှု အလွန်မြန်ပြီး တစ်လအတွင်း နောက်ထပ် နိုင်ငံပေါင်း ၃၀ ခန့်ကို ရောက်ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Source: CNN, RNZ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က