တာဘီဘန်အုပ်စုက အာဖဂန်ကို သီတင်းပတ်အတွင်း အလျင်အမြန် ပြန်ထိန်းချုပ်လာခဲ့ကြရာ ကမ္ဘာတစ်ဝန်း သတင်းပရိသတ်တွေ အံ့အားသင့် စိတ်ဝင်စားခဲ့ကြပါတယ်

အာဖဂန်နစ္စတန်ရဲ့မြို့တော် ကဘူးလ်ကို ဩဂုတ် ၁၅ ရက်နေ့မှာ တာလီဘန် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုက ဝင်ရောက်လာခဲ့ပြီး သမ္မတနန်းတော်ကို သိမ်းပိုက်လိုက်မှုနဲ့အတူ နိုင်ငံကို ထိန်းချုပ်လိုက်ကြပါတယ်။

တာလီဘန်တို့က အာဖဂန် နယ်မြေတွေကို သီတင်းတစ်ပတ်အတွင်း အစိုးရတပ်ဖွဲ့များထံမှ လျင်မြန်စွာ သိမ်းပိုက်ခဲ့ပြီးနောက် ကဘူးလ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက အာဖဂန်မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စု ခိုလှုံခွင့်ရနေမှု အဆုံးသတ်ရန် ဝင်ရောက်လာခဲ့ကြပြီး ထိုစဥ်က အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တို့ကို တိုက်ထုတ်ခဲ့ရာမှ အာဖဂန်စစ်ပွဲ စတင်ခဲ့ပါတယ်။



(Photo: Wakil Kohsar/AFP)

နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲဆင်နွှဲနေခဲ့ရာမှ ယခု ၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြပါတယ်။ ထို့နောက် မကြာမီမှာပင် တာဘီဘန်အုပ်စုက အာဖဂန်ကို သီတင်းပတ်အတွင်း အလျင်အမြန် ပြန်ထိန်းချုပ်လာခဲ့ကြရာ ကမ္ဘာတစ်ဝန်း သတင်းပရိသတ်တွေ အံ့အားသင့် စိတ်ဝင်စားခဲ့ကြပါတယ်။

တာလီဘန်တို့က ကဘူးလ်မြို့တော်ကို ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်စစ်ပွဲ ပြီးဆုံးပြီလို့လည်း ကြေညာခဲ့ပါတယ်။ အာဖဂန်ပြည်သူများစွာကတော့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ တာလီဘန်တို့လက်ကနေ လွတ်မြောက်ရေး နိုင်ငံစွန့်ခွာ ထွက်ပြေးနေကြပြီး နိုင်ငံတစ်ဝန်း ကသောင်းကနင်း ဖြစ်နေခဲ့ပါတယ်။ ကမ္ဘာ့သတင်းတွေကို ကိုင်လှုပ်ခဲ့တဲ့ တာလီဘန်အုပ်စုနဲ့ ပတ်သက်တဲ့ အဓိက အချက်အလက်အချို့ကို စုစည်းဖော်ပြထားပါတယ်။

နောက်ခံသမိုင်း

"တာလီဘန် (Taliban)" ဆိုတာ Pashto ဘာသာစကားမှာ "ကျောင်းသားများ" လို့ အဓိပ္ပါယ်ရပါတယ်။ တာလီဘန်အုပ်စုကို ၁၉၉၄ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းရှိ ကန်ဒါဟာမြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ အာဖဂန်ကနေ ဆိုဗီယက်ယူနီယံ ရုပ်သိမ်းသွားမှုနဲ့ နောက်ဆက်တွဲအဖြစ် အစိုးရအဖွဲ့ ပြိုလဲသွားပြီးနောက် နယ်မြေထိန်းချုပ်ရေး ပြည်တွင်းစစ်ပွဲမှာ တာလီဘန်တို့ ပါဝင်ခဲ့ကြပါတယ်။

(Photo: AFP)

ကနဦးမှာ တာလီဘန်အုပ်စုက ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဆိုဗီယက်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြတဲ့ "မူဂျာဟစ်ဒင် (mujahideen)" တိုက်ခိုက်ရေးသမားတွေကို အဖွဲ့ဝင်များအဖြစ် ခေါ်ယူခဲ့ပါတယ်။ ဆိုဗီယက်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ မူဂျာဟစ်ဒင်တို့ကို အမေရိကန်နိုင်ငံက ကူညီထောက်ပံ့ခဲ့ပါတယ်။

ထို့နောက် အချိန်ကာလ ၂ နှစ်အတွင်း တာလီဘန်တို့က အာဖဂန်ရဲ့ နယ်မြေဒေသ အများစုကို ထိန်းချုပ်လာနိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အစ္စလာမ်မစ်နိုင်ငံအဖြစ် ကြေညာခဲ့ကာ အစ္စလာမ်မစ်ဥပဒေဖြင့် ပြင်းထန်ကြမ်းတမ်းစွာ စီမံအုပ်ချုပ်ခဲ့ပါတယ်။ အခြား မူဂျာဟစ်ဒင်အုပ်စုတွေကတော့ နိုင်ငံမြောက်ပိုင်းသို့ ဆုတ်ခွာသွားခဲ့ကြပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုရဲ့ လေယာဥ်များပြန်ပေးဆွဲကာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်နောက်ပိုင်းမှာတော့ အမေရိကန် ကျောက်ထောက်နောက်ခံပြုထားတဲ့ တပ်ဖွဲ့တွေက အာဖဂန်မြောက်ပိုင်းကနေ ကဘူးလ်မြို့တော်ကို အမေရိကန် လေကြောင်းတိုက်ခိုက်မှု အကူအညီဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။


(Infographic: BBC)

ထို့နောက် တာလီဘန်အုပ်စုက နိုင်ငံရဲ့ အစွန်အဖျားနယ်မြေတွေကို ဆုတ်ခွာအခြေစိုက်ခဲ့ကြပြီး အာဖဂန်အစိုးရနဲ့ ၎င်းရဲ့ အနောက်အုပ်စု မဟာမိတ်တွေကို နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲဆင်နွှဲခဲ့ကြပါတယ်။ တာလီဘန်အုပ်စုကို ဖွဲ့စည်းတည်ထောင်သူနဲ့ မူလခေါင်းဆောင်ဖြစ်သူ Mullah Mohammad Omar ဟာ တာလီဘန်တို့ အစွန်အဖျားနယ်မြေတွေကို ဆုတ်ခွာခဲ့ပြီးနောက် ပုန်းအောင်းနေခဲ့ပါတယ်။ Mullah Mohammad Omar မည်သည့်နေရာမှာရှိကြောင်း အလွန်လျှို့ဝှက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၎င်းသေဆုံးခဲ့မှုကို နောက် ၂ နှစ်အကြာမှသာ သားဖြစ်သူက အတည်ပြုခဲ့ပါတယ်။

အတွေးအခေါ် သဘောတရား

ယခင် ၅ နှစ်ကြာ အာဏာရှိခဲ့စဥ်က တာလီဘန်တို့ဟာ တင်းကျပ်တဲ့ အစ္စလာမ်မစ်ဥပဒေအရ အုပ်ချုပ်ခဲ့ကြပါတယ်။ ထိုစဥ်က အမျိုးသမီးတွေက အလုပ်လုပ်ခွင့် သို့မဟုတ် ပညာသင်ကြားခွင့် မရှိဘဲ အုပ်ထိန်းသူ အမျိုးသားတစ်ဦးမပါဘဲ နေအိမ်ပြင်ပသွားလာခွင့်လည်း မရှိပါဘူး။ လူမြင်ကွင်းမှာ ကွပ်မျက်မှုနဲ့ ကြိမ်ဒဏ်ပေးမှုတွေ လုပ်ဆောင်လေ့ရှိပြီး အနောက်တိုင်း ရုပ်ရှင်နဲ့ စာအုပ်တွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

အစ္စလာမ်ဘာသာကို ပုတ်ခတ်စော်ကားမှုအဖြစ် ၎င်းတို့ ယူဆထားတဲ့ ယဥ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသမိုင်းပစ္စည်း၊ ရုပ်တု၊ နေရာတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ တာလီဘန်တို့ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ ထိုပုံစံအတိုင်း ပြန်လည်အုပ်ချုပ်လိုကြကြောင်း ဆန့်ကျင်သူတွေနဲ့ အနောက်အုပ်စု နိုင်ငံတွေက ပြောဆိုကြပေမဲ့ ထိုပြောဆိုမှုကို တာလီဘန်အုပ်စုက ငြင်းဆိုခဲ့ပါတယ်။


(Photo: AP)

ယခုနှစ်အစောပိုင်းမှာတော့ တာလီဘန်တို့က အာဖဂန်အတွက် စစ်မှန်တဲ့ အစ္စလာမ်မစ်စနစ်တစ်ခုကို လိုလားကြောင်း၊ ထိုစနစ်က အမျိုးသမီးတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးများကို ယဥ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းနဲ့ ဘာသာရေးစည်းမျဥ်းများနဲ့အတူ ဖန်တီးပေးမယ်လို့ ပြောခဲ့ပါတယ်။ သို့သော် တာလီဘန်အုပ်စုက အာဖဂန် နယ်မြေအချို့မှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်မပြုတဲ့ တားမြစ်ပိတ်ပင်မှု စတင်နေခဲ့ပြီလို့ ဆိုပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှု

ယခင် အာဖဂန်မှာ တာလီဘန်တို့ အာဏာရှိခဲ့စဥ် ကမ္ဘာ့နိုင်ငံအားလုံးအနက် အိမ်နီးချင်း ပါကစ္စတန်အပါအဝင် နိုင်ငံ ၄ ခုကသာ ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အမေရိကန်နဲ့ ကုလသမဂ္ဂက တာလီဘန်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး နိုင်ငံအများစုက တာလီဘန်အုပ်စုကို နိုင်ငံရေးအရ အသိအမှတ်ပြုမယ့်လက္ခဏ အနည်းငယ်မျှသာရှိခဲ့ပါတယ်။

တာလီဘန်အုပ်စုက အာဏာရလာပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ပါက အာဖဂန်ဟာ အပယ်ခံနိုင်ငံဖြစ်လာမယ့် အန္တရာယ်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယခုလအစောပိုင်းမှာ ပြောခဲ့ပါတယ်။ တရုတ်ကဲ့သို့ အခြားနိုင်ငံတွေကတော့ တာလီဘန်အုပ်စုကို တရားဝင် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုနိုင်ကြောင်း သတိရှိရှိဖြင့် အရိပ်လက္ခဏာပြခဲ့ကြပါတယ်။

Source: Reuters, Wikipedia, CNN, AP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က